Wednesday, July 18, 2012

ဗြိတိန်နိုင်ငံက ရန်ကုန်တွင် ကုန်သွယ်ရေးရုံး ဖွင့်လှစ်



From : ခေတ်လူငယ်
မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာအကျဆုံး မြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးကို ၁၁-၇-၂၀၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာသော အပြောင်းအလဲများအပေါ် တုံ့ပြန်မှုအနေဖြင့် အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာမြို့ဖြစ်သော ရန်ကုန်မြို့တွင် ဗြိတိန်ကုန်သွယ်ရေး အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Nick Baird က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အာရုံစိုက် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ရုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ “လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ စွမ်းအင်ကဏ္ဍမှာ ကျွန်တော်တို့ ဗြိတိန်က နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု အကူအညီတွေ ပံ့ပိုးပေးနိုင်တယ်ဆိုတာ လုံးဝသေချာပါတယ်” ဟု ယင်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေများကြောင့် ဗြိတိန်အပါအဝင် အခြား အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရသစ် လက်ထက်တွင် ပွင့်လင်းမြင်သာသော ပြောင်းလဲမှုများကြောင့် အရေးယူဒဏ်ခတ်မှုများ လျှော့ပေါ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကူအညီများ ပေးအပ်လာကြခြင်းဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာရေးလုပ်ငန်းများ အားကောင်းလာစေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ သာမက လူမှုရေးအရ ဆက်ဆံမှုများကိုလည်း တိုးမြှင့်သွားရန် နှစ်နိုင်ငံ တာဝန်ရှိသူများက မျှော်လင့်နေကြောင်းလည်း သိရသည်။ ယင်း ဗြိတိန်ကုန်သွယ်ရေးရုံး ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။