Wednesday, July 18, 2012

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များ၌ ကူးစက်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိလာ

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ထိန်းချုပ်နယ်မြေရှိ စစ်ဘေးဒုက္ခသည်များတွင် အာဟာရချို့တဲ့သူ အမြောက်အများ ရှိနေသည့်အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရှိကြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်သူများထံက သိရှိရသည်။



ဒုက္ခသည်စခန်းများတွင် ကူးစက်တီဘီရောဂါခံစားနေရသူအမြောက်အများရှိပြီး ဆရာဝန်လုံလောက်မှုမရှိသည့်အတွက် စခန်းမှ ပေးထားသော ဆေးမှူးများနှင့်သာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရကြောင်း ကိုလည်း သိရသည်။



တီဘီရောဂါအဖြစ်များဆုံး ဒုက္ခသည်စခန်းမှာ N-Hkawng Pa စခန်းဖြစ်ပြီး ဒုက္ခသည်စခန်းများထဲတွင် သွားရေးလာရေး အခက်ခဲဆုံးနေရာတစ်ခုဖြစ်သည်။ တီဘီရောဂါသည် ကူးစက်ပျံ့ပွားသည့် ရောဂါဖြစ်သည့် အတွက် (၈)ပေပတ်လည် အခန်းကျဉ်းလေးတွင် မိသားစု (၃)၊ (၄) စု နေထိုင်ရခြင်းသည် တီဘီရောဂါ လွယ်ကူစွာ ကူးစက်နိုင်ကြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်သူများက သုံးသပ်ပြောဆိုကြသည်။



“နောက်တစ်ခုကျွန်တော်တို့ စိုးရိမ်တာက အခု မိုးရွာနေတယ်။ မိုးရပ်သွားရင်ဝမ်းပျက်ဝမ်းလျော၊ကူးစက် ရောဂါတွေကိုလည်း စတွေ့နေရပြီ။”ဟု ဒေါက်တာကျော်ဇေယျက ပြောသည်။



ယခုရာသီတွင် ဤကဲ့သို့ ကူးစက်တတ်သော ရောဂါများသည် လူထောင်ပေါင်းများစွာနေသည်အတွက်ပိုမိုကူးစက်ရန်လွယ်ကူပြီး ထိန်းချုပ်ရန် ခက်ခဲကြောင်း ဒေါက်တာကျော်ဇေယျက ရှင်းပြသည်။



“နောက်တခု ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ မူးတယ်၊ အားနည်းတယ် ဆိုပြီး ရောက်လာတဲ့သူတွေမှာသွေးအားနည်း တဲ့ရောဂါမျိုးတွေလည်း တွေ့တယ်။”ဟု ၎င်းက ဆိုသည်။



အဆိုပါသွေးအားနည်းရောဂါသည် ပရိုတင်းဓာတ်နည်းခြင်းကြောင့်ဖြစ်ကြောင်း နေ့စဉ်စားသုံးနေသော အစာအစားများသည် ဆန်နှင့်ပဲကိုသာ အားပြုစားသောက်နေကြောင်း သိရသည်။



မိုးတွင်းကာလတွင် စစ်ဘေးဒုက္ခသည်များသည် ထရံ သို့မဟုတ် မိုးကာနှင့်သာနေရ၍ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်အပြင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များလည်းရှိနေကြောင်း နှောင်ကြိုးမဲ့ကွန်ယက်က ပြောဆိုသည်။



“စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေလည်း တွေ့ခဲ့ရတယ်။ ကိုယ့်အိမ်ကို ဘယ်တော့ပြန်ရမလဲဆိုတဲ့ သောကတွေလည်း သူတို့မှာ ရှိနေတယ်။ ကျွန်တော်ထင်တယ် သူတို့ကို ဘာတွေဘယ်လောက်ပေးပေး သူတို့သောက ပျောက်မှာမဟုတ်ဘူး ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာကို အေးအေးချမ်းချမ်းပြန်နိုင်ပါပြီ ဆိုတဲ့ စကားကလွဲရင် အခြား ရှိမယ်မထင်ဘူး။”ဟု   ဒေါက်တာကျော်ဇေယျက   ပြောသည်။



ကျန်းမာရေးချို့တဲ့မှုသာမက အစာအာဟာရ ချို့တဲ့မှုများကိုများ တွေ့မြင်နေရသည်။ ကလေးငယ်များမှာ အစာအာဟာရ လုံလောက်မှုမရှိသည့်အတွက် ပိန်ချုံးနေကာ ထမင်းကို ဟင်းမပါ ဆား၊ အာလူးစိမ်းများသာ ကိုက်စားနေရသည်ဟု ကလေးချစ်သူများကွန်ယက်က သိရှိရသည်။



“ကျွန်တော်တို့သွားတဲ့အချိန်မှာ ခေါက်ဆွဲထုပ်ကို ရေဖျော်ပြီးစားရတယ်။ ပြီးရင် ထမင်းတစ်နေ့ နှစ်ခါ ပဲစားရတာတွေ ကျွန်တော်တို့ လက်တွေ့ တွေ့ခဲ့ရပါတယ်။”ဟု ကလေးချစ်သူများ ကွန်ယက်မှ ကိုအောင်မျိုးမြင့် က ပြောသည်။



စစ်ကြောင့် အဓိက ဒုက္ခခံစားရသူများမှာ ပြည်သူများသာဖြစ်၍ သက်ကြီးရွယ်အို၊ အမျိုးသမီးများနှင့် ကလေးငယ်များ အများစုပါဝင်ကြောင်းကိုလည်း သိရှိရသည်။



ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်ကြား တိုက်ပွဲဖြစ်ပွားမှုသည် တစ်နှစ်ကျော်ကာလအတွင်း ဒုက္ခသည်စခန်း နေထိုင်သူများသည် ပိုပြီးခက်ခဲလာနေခြင်းဖြစ်သည်ဟု ဒုက္ခသည် စခန်းတို့ သွားရောက်ခဲ့သည့် ကချင်ငြိမ်းချမ်း ရေးကွန်ယက်မှ တာဝန်ရှိသူများက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။