Saturday, July 21, 2012

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေပေါ်ထွက်နိုင်ရေး တစ်လကျော်စောင့်ဆိုင်းရမည်

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ချက်များရှိနေခြင်းကြောင့်လွှတ်တော်တွင် ဆွေးနွေးမည့်အချိန် အတိုင်းအတာအရ ဥပဒေပေါ်ထွက်နိုင်ရေးတစ်လကျော်ကြာအုံးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထံကသိရှိရသည်။
 

အဆိုပါ ဥပဒေတွင် တိုင်းရင်းသားလုပ်ငန်း အကျိုးစီးပွားကို ကာကွယ်ပေးသည့်ဥပဒေနှင့်  စားသုံးသူများအတွက် အကာအကွယ်ပေးရေးဥပဒေများ ထည့်သွင်းရန်လိုအပ်ချက်များရှိနေသေးကြောင်းကိုလည်း သိရှိရသည်။

“ရင်းနှီးမြုပ်နှံခြင်းဥပဒေမှာတိုင်းရင်းသားတွေကိုကာကွယ်ပေးတဲ့ဥပဒေတော့ပါတယ် ဒါပေမဲ့ဘာလိုအပ်နေသေးလဲဆိုတော့ တိုင်းရင်းသားတွေ ငွေကြေးတတ်နိုင်ပြီးလုပ်နိုင်ကိုင်နိုင်ရှိတဲ့ လုပ်ငန်းမျိုးကို ပြည်ပက လာဖွင့်တာမျိုးမလုပ်ဖို့၊ တိုင်းရင်းသားတွေ အလုပ်အကိုင်အခွင့်အရေးရရှိဖို့ ၊လိုအပ်နေတာလေးတွေရှိတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက-ပြောသည်။
 
ပြည်တွင်းမှ လုပ်ကိုင်နိုင်သော လုပ်ငန်းမျိုးကိုပြည်ပမှလာရောက်လုပ်ကိုင်ခြင်း မပြုလုပ်ရန် ၊ ပြည်တွင်းရှိ အလုပ်သမား များကို   နှိမ်ချဆက်ဆံခြင်း မပြုရန် ၊ပြည်တွင်းရှိလုပ်ငန်းများအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းများမပြုလုပ်ရန်စသည့် ပြင်ဆင်ချက်များကို လွှတ်တော်တွင် ဆွေးနွေးရန်လိုအပ်နေသေးကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံရာတွင်စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၌သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုအားကာကွယ်သည့် ဥပဒေများကို ထည့်သွင်း ရေးဆွဲထားသော်လည်းစားသုံးသူပြည်သူများအတွက် ကာကွယ်ပေးနိုင်သည့်  ဥပဒေမျိုးမပါရှိသေးကြောင်း သိရှိရသည်။
 
“ ဒီဥပဒေမှာ ဘာလိုအပ်နေသေးလဲဆိုတော့ စက်ရုံဆောက်မယ် စက်ရုံကထွက်တဲ့စွန့်ပစ်ပစ္စည်းကသဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေလားဆိုတဲ့သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တဲ့ဥပဒေမျိုး လောက်ပဲပါတယ်စားသုံးသူပြည်သူတွေကိုကာကွယ်ပေးတဲ့ ဥပဒေမျိုး မပါသေးဘူး “ ဟု NLD (ဒီချုပ်) ပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူက ၄င်း၏ အမြင်ကို ပြောကြားသည်။
 
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေတွင် ပါရှိနေသော အချက်အလက်များတွင်ထပ်မံဖြည့်စွတ်ချက်များ လိုအပ်နေသေးပြီး နိုင်ငံ တကာနှင့်ဆက်ဆံ၍လုပ်ငန်းများတွဲလုပ်ရမည်ဆိုခြင်းကြောင့် လွှတ်တော်အတွင်းရင်းနှီးမြုပ်နှံခြင်း ဥပဒေကို ဆွေးနွေးရာ၌ အချိန်ကြန့်ကြာနေအုံးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
 
အဆိုပါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းအား  ပြည်သူ့လွှတ်တော်၌၂၀၁၂ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ၊တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ကိုကို ၊ ဒီချုပ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်နှင့် ဒေါ်စန္ဒာမင်းတို့က  ဆွေးနွေးခဲ့ကြောင်းကိုလည်း သိရှိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။