Saturday, July 21, 2012

မန္တလေးစက်မှုဇုန်(၂)ဆောက်လုပ်စဉ်က လယ်သိမ်းဆည်းခံတောင်သူများ နစ်နာကြေးမရသေးဟုဆို

မန္တလေးစက်မှုဇုန်(၂)အတွက် ရွာသစ်ကလေးကျေးရွာတောင်သူများထံက သိမ်းယူခဲ့သောကွင်းအမှက် (၅၁၈)  လယ်မြေဧကပေါင်း (၃၅၅.၃၅)ဧကအတွက် နစ်နာကြေးမရသေးကြောင်းဒေသခံတောင်သူများထံက သိရှိရသည်။


 ၁၉၉၆-၉၇ခုနှစ်က မန္တလေးစက်မှုဇုန်ု(၂)တည်ဆောက်ရန် လယ်ယာများသိမ်းပိုက်ခဲ့စဉ်ကအစားပြန်ပေးမည်ဟု   ပြောကြားခဲ့သော်လည်း တောင်သူများမှာ ယခုအချိန်အထိမည်သည့်အရာမှ မရသေးပေ။


'ကျုပ်တို့ဘိုးစဉ်ဘောင်ဆက်ကတည်းကလုပ်စားလာတဲ့လယ်တွေကိုဘာမှအကြောင်းမကြားပဲ သိမ်းသွားတယ် အားလုံးပေါင်း (၃၅၅.၃၅)ဧကတောင်သူဦးရေ (၁၀၀)ကျော် ဘာလျော်ကြေးမှမရလိုက်ပါဘူး၊ အသိမ်းခံရတုန်းကဆိုရင် ရိပ်သိမ်းခါနီးစပါးကိုတောင် ရိတ်ချိန်မရလိုက်ဘူးဘူဒိုဇာတွေနဲ့အကုန်ထိုးဖြတ်တယ်၊ ကျုပ်တို့ မှာ လျော်ကြေးမရတဲ့အပြင်စိုက်ထားတဲ့ စပါးတောင်ဆုံးရှုံးရတယ်”ဟု ရွာသစ်ကလေးကျေးရွာမှတောင်သူဦးကျောက်ခဲက ပြောသည်။


အဆိုပါ ကွင်းအမှက်(၅၁၈)တွင် ရွာသစ်ကလေးကျေးရွာ မယ်တော်စုနှင့်စည်ပင်ရွာမှလယ်မြေများသိမ်းဆည်းခံ ရကြောင်း၊ထိုအထဲတွင်ရွာသစ်ကလေးကျေးရွာမှ အများဆုံးဖြစ်ကြောင်း သိမ်းဆည်းခံ တောင်သူများတွင် အခွန်ဆောင်ထားသည့်ပြေစာများလည်း ရှိကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။


“ကျွန်တော်တို့လယ်လုပ်စားခဲ့စဉ်က အခွန်ဆောင်ထားတဲ့ပြေစာတွေရှိပါသေးတယ်၊နောက်ပြီးဒုတိယဗိုလ်မှုးကြီး  တင်ထွန်းဆီကို စပါးသွင်းရတယ်၊ တာဝန်မကျေလို့ဆိုပြီးအချုပ်ခန်းတောင် ရောက်ခဲ့ရသေးတယ်၊ အဲဒီတုန်းကတော့အာဏာရှင်စနစ်ကြီးစိုးနေတော့ မပြောရဲဘူးပေါ့ အခုလိုလွတ်လပ်လာတော့ကျွန်တော် တို့အတွက် မျှော်မှန်းချက်လေးတော့ ရှိသေးတာပေါ့ဗျာ' ဟုရွာသစ်ကလေးကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။


စက်မှုဇုံ(၂)တည်ဆောက်စဉ်က လယ်ယာမြေသိမ်းခံရသော ရွာသစ်ကလေးကျေးရွာမှတောင်သူလယ်သမားများမှာ  ယခင် လယ်ပိုင်ယာပိုင်တောင်သူများဘ၀မှယခုတွင်လယ်မရှိသောကြောင့် စက်မှု(၂)အတွင်းတွင်စက်ရုံများ၊ကားသံဂျီးချွတ်လုပ်ငန်းများတွင်အလုပ်ဝင်ရောက်လုပ်နေရကြောင်းကိုလည်း သိရှိရသည်။


တချိန်ကလယ်ယာပိုင်ရှင်များမှာ လက်ရှိအချိန်တွင်စားဝတ်နေရေးအဆင်မပြေလည်သောကြောင့် ကျောင်းနေ အရွယ် ကလေးများအားမူလတန်းအောင်ရုံသာထား၍ စက်ရုံများတွင် အလုပ်လုပ်ခိုင်းနေရကြောင်းရွာသားများက ဆိုသည်။


“အရင်ကတော့ လယ်ပိုင်ယာပိုင်ပေါ့ကွယ် အခုတော့သူများဆီမှာ ကူလီလုပ်နေရတယ်၊စီးပွားရေးလည်း အဆင်မပြေတော့နေ တဲ့အိမ်ဝိုင်းလေးကိုဖဲ့ဖဲ့ရောင်းစားနေရတယ်။ ကလေးတွေကိုအတန်းပညာဆုံးအောင် မထားနိုင်ဘူးကျောင်းထားစရာငွေမရှိလို့ လေး တန်းအောင်ရင်ကျောင်းထုတ်ပြီး မိန်းကလေးဆိုရင် မုန့်စက်ရုံမှာအလုပ်လုပ်ခိုင်းတယ်   ယောက်ျားလေးဆို ကားဘော်ဒီရုံမှာ သံဂျီးချွတ်အလုပ်လုပ်ခိုင်းရတယ်။ တစ်ရွာလုံးမှာဘွဲ့ရတဲ့လူ(၄)ယောက်လောက်ပဲရှိတယ်ကျမတို့ဆုံးရှုံးခဲ့တဲ့လယ်မြေတွေအတွက် လယ်ယာမြေအစားထိုးပေးရင်လည်းပြန်လိုချင်ပါတယ်ဒါမှမဟုတ်ထိုက်သင့်တဲ့ နစ်နာကြေးလိုချင်ပါတယ်။”ဟု ရွာသစ်ကလေးကျေးရွာမှ
ဒေါ်တာက ပြောသည်။


တောင်သူများဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်ခဲ့သောလယ်ယာမြေများအားနစ်နာကြေးတစုံတရာမှ မပေးပဲသိမ်းဆည်းခံရခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးများခံစားနေရပြီဖြစ်သည့်အတွက် မသိနားမလည်
သည့်တောင်သူများအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများမှကြည့်ရှုစောင့်ရှောက်သင့်ကြောင်းကိုလည်း လယ်သမားအကျိုးဆောင်ရွက်ပေးနေသူကိုဆွေအောင်က အကြံပြုပြောဆိုသည်။
 
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။