Saturday, July 21, 2012

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ယာဉ်တိုက်/တိမ်းမှောက်မှု (၁၂)မှုရှိ

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း ဘရိတ်ပေါက်၍ (၅)စီးဆင့်တိုက်မှုအပါအဝင် ဇူလိုင်လ (၁)ရက်နေ့မှ- ဇူလိုင်လ (၁၈)ရက်နေ့အထိယာဉ်တိမ်းမှောက်မှုနှင့်ယာဉ်တိုက်မှုပေါင်း (၁၂)ခု ဖြစ်ပွားခဲ့ကြောင်းမထသ(ဗဟို)ကော်မတီက သိရှိရသည်။
 

ထို (၄၈- အထူး)ယာဉ်လိုင်းယာဉ်တိုက်မှုတွင်အထူးယာဉ်လိုင်းမှကျား(၁)ဦးနှင့် ကိုယ်ပိုင်ယာဉ်ပေါ်မှ မ(၂)ဦး ဒဏ်ရာရရှိခဲ့သည်။
 
ထို့အပြင် စည်ပင်သာယာနယ်နမိတ်အပြင်ဘက်၌ ဇူလိုင်လ(၈) ရက်နေ့ကရွှေပွင့်ဖြူယာဉ်လိုင်းမှ ယာဉ်မှာ ချောက်ကမ်းဘေးသို့ ကျကာယာဉ်မောင်းသူသေဆုံးခဲ့၍ ခရီးသည်(၄)ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
 
ထိုအမှု(၁၃)မှုတွင် သေဆုံးသူဦးရေ(၃)ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူဦးရေ(၄၄) ဦးအထိ ရှိကြောင်း သိရသည်။
 
ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း၌ ယာဉ်တိုက်မှုနှင့်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် (၃၀)ခုရှိ၍သေဆုံးသူ (၁၂)ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း (၉၇)ဦးရှိခဲ့ကြောင်းကိုလည်း မထသက သိရှိရသည်။
 
မထသ(ဗဟို)ကော်မတီမှ ယာဉ်တိုက်မှုများ ယာဉ်တိမ်းမှောက်မှုများလျော့နည်းကျဆင်းစေရန်နှင့် စည်းကမ်းလိုက်နာမှုများ တိုးတက်စေရန် ရည်ရွယ်ကာ သင်တန်းများ စဉ်ဆက်မပြတ်ပို့ချက်လျက်ရှိကြောင်း သိရသည်။
 
“ကျွန်တော်တို့ ဒီသင်တန်းမှာ မတက်ပဲနေတဲ့ ယာဉ်မောင်းတွေ ရှိပါတယ်။တက်သွားတဲ့လူတွေကလည်း နဂိုကထက် သိသွားကြတယ်” ဟုမထသ(ဗဟို)ကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
 
ဇူလိုင်လ(၂၇)ရက်နေ့တွင်လည်းယာဉ်လုပ်သားများအတွက်မွမ်းမံသင်တန်း(၇/၂၀၁၂)ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ယခုအချိန်ထိ မထသ(ဗဟို)ကော်မတီမှ ဖွင့်လှစ်သောအခြေခံယာဉ်မောင်းသင်တန်းအားတက်ရောက်ခဲ့သူ ယာဉ်လုပ်သားဦးရေ (၈၂၁)ဦးရှိခဲ့ပြီး မွမ်းမံသင်တန်းတက်ခဲ့သော ယာဉ်လုပ်သားဦးရေမှာ (၅၈၅)ဦး ရှိပြီဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။