Saturday, July 21, 2012

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ရန် အမေရိကန် ဒေါ်လာသုံးသန်း အမေရိကန်ပြည်ထောင်စု လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၃ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်အား တွေ့ရစဉ်
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရှောင်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ရန် အမေရိကန် ဒေါ်လာသုံးသန်းကို အမေရိကန်ပြည်ထောင်စုက လှူဒါန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ရန်ကုန်မြို့တွင် ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။

၂၂ နှစ်အတွင်းပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်သူ ဒဲရစ်မစ်ချယ်လ်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်သည့် ၎င်း၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများကို  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သို့ ပေးအပ်သွားမည်ဖြစ်ပြီး လှူဒါန်းငွေများဖြင့် ဆန်မက်ထရစ်တန် ၃၄၀၀ ကို ၀ယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ဆန်ပမာဏသည် ခြောက်လစာအတွက် လူဦးရေ ငါးသောင်းငါးထောင်ကို ပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရ ထိန်းချုပ်နယ်မြေနှင့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်သည့် ဒေသများမှ စစ်ရှောင်သူများအား အဆိုပါစားနပ်ရိက္ခာများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည်။ အဆိုပါတိုက်ပွဲများ စတင်ဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာလာပြီးနောက် စစ်ဘေးရှောင်သူ တိုင်းရင်းသားဦးရေမှာ လက်ရှိ၌ ရှစ်သောင်းခန့်ရှိကြောင်း သိရပြီး ၎င်းတို့အနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ ဒုက္ခသည်စခန်းအများစုတွင် လက်ခံနိုင်သည့် ပမာဏထက် လူဦးရေ များပြားနေမှု စသည်တို့ကြောင့် ကျန်းမာရေး ပြဿနာများကို လတ်တလော ကြုံတွေ့နေရကြောင်းနှင့် ကျောင်းနေအရွယ် ကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်သည် သံအမတ်အဖြစ်စတင် တာဝန်ထမ်းဆောင်သည့် ၁၀ ရက်အတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဇူလိုင်လ ၁၁ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့သည်။
အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က မြန်မာနိုင်ငံကို ရောက်ရောက်ချင်း သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ရန် လျင်လျင်မြန်မြန် ခွင့်ပြုပေးခဲ့သည့်သမ္မတ ဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ပြီးခဲ့သည့် သောကြာနေ့က တွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့်အရှိန် ဆက်လက်ဖြစ်ပေါ်နေခြင်းကို ပြသရာရောက်ကြောင်း သံအမတ်ဒဲရစ်မစ်ချယ်လ်က ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်က မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ခွင့်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်မည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် အမေရိကန် ကော်ပိုရိတ်မူ၊ စံနှုန်းများနှင့် အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအ၀င် အစိုးရပိုင်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ဆောင်မည့် အမေရိကန် ကုမ္ပဏီများအတွက် အထူးလိုအပ်ချက်များ သတ်မှတ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆက်လက်ရှိနေစေရေးကိုလည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် အားပေးသွားမည်ဖြစ်ကြောင်း သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံသွားရန် အစီအစဉ်ရှိပါသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ၎င်းက မိမိအနေဖြင့် သမ္မတ၏ အစီအစဉ်များကို ကိုင်တွယ်သူ မဟုတ်သည့်အတွက် မသိပါကြောင်း၊ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုတွင်ရှိ နေစဉ်အတွင်း အမေရိကန်က သေချာဂရုစိုက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်   ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံသို့ နယူးယောက်အခြေစိုက် Altlantic Council မှ ချီးမြှင့်မည့် Global Citizenship Award ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံရယူရန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ဖိအားပေးရန် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပိတ်ပင်ထားမှုကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးရန် အမေရိကန်အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဇူလိုင်လ ၁၈ ရက်နေ့က ဆုံးဖြတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ၎င်း၏သဘောထားအပေါ် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ၎င်းက ကွန်ဂရက်အနေဖြင့် လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေဖြစ်သည့် The Burmese Freedom and Democracy Act of 2003 သည် လာမည့် ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါ ဥပဒေကို အမေရိကန် ကွန်ဂရက်တွင် နှစ်စဉ် သက်တမ်းတိုးရကြောင်း သိရသည်။
ထို့ပြင်မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး၌ အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သည့်အချိန်တွင် ပြန်လည်ကူညီသွားမလဲဆိုသည့် သတင်းထောက်တစ်ဦး၏  မေးမြန်းမှုအပေါ် ၎င်းက ယခုကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆက်ဆံရေး ပြန်လည်တည်ဆောက်နေပါကြောင်း၊  အရင်းအမြစ်များ ရရှိလာပါက ကူညီထောက်ပံ့မှုကို ပြန်လည်စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကုမ္ပဏီများအား ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အစီရင်ခံတင်ပြရမည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံခြားရေးဌာနသို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အကြောင်းကြားရမည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်အစီရင်ခံ အကြောင်းကြားရမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်အရ သိရသည်။
အမေရိကန်သမ္မတက ကြေညာပြီး ရက်ပိုင်းအတွင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လေ့လာရန် Boeing, Chevron, Google, General Motors, IBM, Dell, Time Warner, Visa, MasterCard World wide, ExxonMobil, Coca-Cola, Federal Express,GE အစရှိသည့် နာမည်ကျော် အမေရိကန်ကုမ္ပဏီများ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။
အမေရိကန်ကုမ္ပဏီများသည် အာရှနှင့် ဥရောပမှ ပြိုင်ဘက်များ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်အား လက်ဦးရယူသွားမည်ကို စိုးရိမ်ကြောင့်ကြသည့်အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စိတ်ထက်သန်လျက်ရှိနေသည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။