Saturday, July 21, 2012

နိုင်ငံရေးအရလက်နက်ကိုင်အဖွဲ့အချင်းချင်းတပြေးညီဖြစ်စေရေးအစိုးရထံ တောင်းဆိုမည်

နိုင်ငံရေးဆွေးနွေးပွဲမရှိပဲ အပစ်အခတ်ရပ်စဲရေးသည် အဓိပ္ပါယ်မရှိသဖြင့်နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်ရေး   နိုင်ငံတော်အစိုးရထံ တပြေးညီတောင်းဆိုသွားရန် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီUNFC အဖွဲ့ထိပ်သီးစည်းဝေးပွဲတွင် အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာကတိုက်တွန်း ပြောကြားခဲ့သည်။
 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ (၁၇)ရက်နေ့မှ (၃)ရက်ကြာကျင်းပခဲ့သော အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့နှင့် အပစ်အခတ်မရပ်စဲထားသည့်UNFC အဖွဲ့ဝင် အချင်းချင်း နိုင်ငံရေးအရ တပြေးညီဖြစ်စေရေး နိုင်ငံတော်အစိုးရထံ   တောင်းဆိုရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
 
“ကျွန်တော်တို့ UNFC အဖွဲ့ဝင်ထဲမှာ တပြေးညီ မဖြစ်နေတဲ့အပေါ်မှာ တပြေးညီမဖြစ်သေးတဲ့အပေါ်မှာ ကျွန်တော်တို့   နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုအောင်မြင်အောင် တောင်းဆိုမလဲ။” ဟု  UNFC အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
 
UNFC အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ကာ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရဆွေးနွေးအကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ UNFC အဖွဲ့ဝင်ခေါင်းဆောင်(၂၀ )ကျော်သည် တပြေးညီဖြစ်ရန် အဆိုပါ အစည်းအဝေးတွင်အဓိကထားဆွေးနွေးခဲ့ကြသည်။
 
ထို့ပြင် UNFC အဖွဲ့၏ ချမှတ်ထားသည့် Road Map မှ အချက်အချို့အားပြောင်းလဲပြင်ဆင်ခဲ့ကာ တိုင်းရင်းသား အားလုံးပါဝင် သည့်ညီလာခံခေါ်ယူရေးနှင့် တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက် ရရှိရန်ကိစ္စရပ်များကို (၃)လအတွင်း အကောင် အထည်ဖော်နိုင်ရန် ပြင်ဆင်ထားကြောင်းသိရသည်။
 
“အခု EBO တိုင်းရင်းသား ညီလာခံကနေထွက်လာတဲ့ Ethnic Peace Palan နဲ့လိုက်လျောညီထွေဖြစ်အောင်ပေါ့ဗျာ။ အပစ်ရပ်ကိုတော့ ခွဲလုပ်ပေါ့ ဒါပေမယ့်နိုင်ငံရေး ဆွေးနွေးပွဲကိုတော့ အတူတူလုပ်မယ်ပေါ့၊ အဲ့ဒါပါ။ နိုင်ငံရေးဆွေးနွေးပွဲ အတူတူလုပ်တဲ့နေရာမှာလည်း ကျွန်တော်တို့ပဲမကဘူး UNFCပြင်ပအဖွဲ့အစည်း တွေလည်း ပါဝင်နိုင်ရေးပေါ့ဗျာ။” ဟု ဦးခွန်ဥက္ကာကဆက်ပြောသည်။
 
အစည်းအဝေးတွင် နိုင်ငံတော်အစိုးရသစ်မှ ပြောဆိုနေသည့် ပင်လုံညီလာခံကျင်းပရန်ရှိခြင်းအပေါ် ပြန်လည် သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အပစ်ခက်ရပ်ဆဲပြီး၊အချို့အဖွဲ့အား စစ်ဆင်ရေး လုပ် နေသည့် ကိစ္စရပ်များ အပါအဝင်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ ဦးတည်ချက်နှင့်လုပ်ငန်းလမ်းညွှန်များကို   ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု သိရှိရသည်။
 
UNFC တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)နှင့်ဝအမျိုးသားအဖွဲ့ချုပ် (WNO) များ  ပါဝင်ဖွဲ့စည်းထားသည်။
 
လက်ရှိ၎င်းအဖွဲ့များမှ အချို့မှာ မြန်မာအစိုးရနှင့် အပစ်အခက်ရပ်စဲထား၍အချို့မှာ အဖွဲ့သည် ယခုတိုင်အပစ်အခတ် ရပ်စဲရန်ညှိနှိုင်းမှုမရသေးပေ။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။