Tuesday, July 17, 2012

 ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ချက်များအတိုင်း ညီညွတ်မှု ရှိ၊ မရှိ စိစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ဝင် ဦးဌေးဦး ပြောကြား

ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်းလာပါက ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ သတ်မှတ်ချက်များအတိုင်း ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ၊မရှိ စိစစ်ရေးအဖွဲ့ဝင် ဦးဋ္ဌေးဦးက ဇူလိုင်လ ၁၅ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။

''ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ မှာပါတဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများဆိုတဲ့ အခန်းထဲမှာပါတဲ့ အချက်အလက်တွေနဲ့ ညီညွတ်မှု ရှိ၊မရှိ စိစစ်ရမှာပါ။ ညီညွတ်တယ်ဆိုရင်တော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ကိုယ်စားလှယ်တွေကလည်း စုပြီး မှ တင်ထားတာဆိုတော့ ကိုယ်စားလှယ်တွေရဲ့ သဘောပဲပေါ့''ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ဆိုသည်။
''ဒုတိယသမ္မတ အမည်စာရင်းကို လွှတ်တော်မှာတင်သွင်းတာလည်း မှန်ပါလိမ့်မယ်။ သို့သော်  ပြည်ထောင်စုလွှတ်တော်နာယကကတော့ ဘယ်သူဘယ်ဝါဆိုတာ တရားဝင် ထုတ်မပြောသေးဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ အတည်ပြုလို့ မရသေးပါဘူး။ ရလာခဲ့ရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၃) ထဲမှာပါတဲ့ အရည်အချင်းတွေနဲ့ ရှိ၊ မရှိ ဆိုတာကို ပတ်ဝန်းကျင်က ပြောတာတွေ၊ အင်တာနက်က သတင်းတွေနဲ့လည်း မလုံလောက်ပါဘူး။ နိုင်ငံတော်က တရားဝင် အဖွဲ့အစည်းတွေကပါ စိစစ်ပေးဖို့ လိုမယ်ထင်ပါတယ်။ သံသယဖြစ်ဖွယ်၊ အငြင်းပွား ဖွယ်ကိစ္စတွေ ပေါ်လာခဲ့ရင်တော့ စိစစ်ချက်ပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့ ပြောချင်ပါတယ်''ဟု အွန်လိုင်းစာ မျက်နှာများတွင် ပျံ့နှံ့နေသော သတင်းများနှင့်ပတ်သက်၍ သုံးသပ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၅၉(စ)တွင် သမ္မတနှင့် ဒုတိယသမ္မတများ၏ မိသားစုဝင်များနှင့် ပတ်သက်သောသတ်မှတ်ချက်များကို ဖော်ပြထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် မ-၇၁တွင်လည်း နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ဒုတိယသမ္မတ တစ်ဦးဦးကိုဖြစ်စေ စွပ်စွဲပြစ်တင်နိုင်သော အချက်များကို ပြဌာန်းထားသည်။
''ကျွန်တော်ထင်ပါတယ်။ ဒါဆိုရင်တော့ ဒီမှာငြိနေခဲ့တယ်ဆိုရင်တော့လည်း ခိုင်လုံတဲ့အပေါ်မူတည်ပြီး ဆုံးဖြတ်ကြမယ်လို့ထင်ပါတယ်''ဟု ၎င်းက ဆက်လက်၍ပြောပါသည်။
ထို့အပြင် ဒုတိယသမ္မတအမည်စာရင်း မည်သူ့ကို တင်သွင်းထားသည်ဆိုသည်ကို တရားဝင်မပြောသေးကြောင်း လွှတ်တော်တွင် မကြေညာရသေးကြောင်း သူ့အနေဖြင့် ယခုအချိန်အထိ မသိရှိရသေးကြောင်း ဦးဋ္ဌေးဦးက ပြောပါသည်။
ဦးဋ္ဌေးဦးက ဒုတိယသမ္မတနေရာသည် အရေးကြီးသည့်အတွက် ခိုင်ခိုင်လုံလုံ တိတိကျကျဖြစ်အောင် လွှတ်တော်ပိုင်းက လုပ်ဆောင်မည်ဟု ထင်မြင်ပါကြောင်း မိမိတို့အဖွဲ့မှ စိစစ်သလို ကျန်အပိုင်းများတွင်လည်း စိစစ်မှုများရှိနိုင်ကြောင်း အားလုံးပြီးပါက မကြာမီတွင် ဒုတိယသမ္မတကို ရွေးချယ်နိုင်လိမ့်မည်ဟုထင်ကြောင်း ပြောကြားခဲ့သည်။
လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်းထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်းသော ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၂ရက်နေ့ လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော်မှ အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ် ဦးဌေးဦးနှင့် အမျိုးသားလွှတ်တော်မှ အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ် ဦးဇော်မြင့်ဖေကို ရွေးချယ်ခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။