Tuesday, July 17, 2012

 ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံဘက်မှ အကျိုးပိုရှိစေရန် အချက်အလက်အချို့ တိုးမြှင့်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံဘက်မှ အကျိုးပိုမိုရှိလာစေရန် လုပ်ငန်းလုပ်ဆောင်မည့် အဆိုပြုချက်များတွင် ပါဝင်သည့် အချက်အလက်အချို့ကို တိုးမြှင့်ထားကြောင်း စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

တိုးမြှင့်လိုက်သည့် အချက်အချို့မှာ ယခင်ခိုင်ကြေး(Royalty)  ၁၀ ရာခိုင်နှုန်းကို ၁၂ဒသမ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ထုတ်လုပ်မှုအပေါ် အမြတ်ခွဲဝေမှု(Production Split) ကိုလည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဘက်က ပိုရစေရန် ၆၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ နိုင်ငံတော်မှ ပါဝင်ခွင့်(State Participation) ကိုလည်း ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိလည်းကောင်း တိုးမြှင့်ထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိအ ကောင်အထည်ဖော် ဆောင်ရွက်နေသော ရတနာ၊ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုအပြင် မကြာမီ အကောင်အထည်ပေါ်လာတော့မည့် ရွှေ၊ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုနှင့် တရုတ်သို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးများ ရှိနေကြောင်း သိရပါသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြား ရေနံကုမ္ပဏီများနှင့် ဆွေးနွေးရာမှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှု (Transparent and Responsible Investment) ဖြစ်ရေး၊ (Reckless Investment) မဖြစ်စေရေးအတွက် Corporate Social Responsibility ၊ Corporate Code of Conduct ၊ Corporate Ethic စသည်တို့အပေါ် အလေးထားပြီး၊ နည်းပညာရှိမှု (Technical Competency)၊ ငွေကြေးပြည့်စုံဖူလုံမှု(Financial Capability)၊ ယခင်ကရှိခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်မှု အတွေ့အကြုံရှိမှုနှင့် အောင်မြင်မှုများ (Past History and Track Record) နှင့် လက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နေမှု (Present Performance) တွေကို အခြေခံထား စဉ်းစားပြီး နိုင်ငံတကာ ရေနံလုပ်ငန်းကျင့်ထုံးများ (International Petroleum Industry Practices) တို့နှင့်အညီ စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။