Tuesday, July 17, 2012

ကေအိုင်အို လက်အောက်ခံနယ်မြေရှိ ဒုက္ခသည်ကျောင်းများတွင် အခက်အခဲများစွာရှိနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) လက်အောက်ခံနယ်မြေရှိဒုက္ခသည်ကျောင်းသားများအနေဖြင့် စာရေးကိရိယာများနှင့် ပညာသင်ကြားရေးအတွက်အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။


ဒုက္ခသည်စခန်းများမှ ကလေးအများစုမှာ ကျောင်းနေအရွယ်များဖြစ်၍ပညာသင်ကြားနိုင်ရန် ကြိုးစား နေသော်လည်း
စာအုပ်စာတမ်းလုံလောက်မှုမရှိဖြစ်နေကြောင်း ဇူလိုင်လ (၄)ရက်မှ (၁၂) ရက်ထိသွားရောက်လေ့လာခဲ့သော ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က ဆိုသည်။



ကေအိုင်အို ထိန်းချုပ်နယ်မြေတွင်းတွင် ဒုက္ခသည်(၅၃၀၀၀)ရှိပြီးကျောင်းသားပေါင်း နှစ်သောင်းကျော် ရှိကြောင်း
ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့၏ ဒုက္ခသည်စာရင်းအရ သိရသည်။


ဂျယ်ရန်းစခန်းတစ်ခုတွင်မူ လူဦးရေခုနှစ်ထောင့်ခန့်ရှိ၍ ကျောင်းသားဦးရေတစ်ထောင့်ရှစ်ရာရှိနေသည်ကို သိရသည်။


“အဲဒီကျောင်းသားတွေထဲမှာ သူငယ်တန်းက သုံးရာ့ငါးဆယ်လောက်ရှိပြီးတော့သုံးပုံတစ်ပုံလောက်ပဲ ပြဌာန်းစာအုပ်ရှိတယ်။ ကျန်တာတွေက ပြဌာန်းစာအုပ်မရှိတာတွေ တွေ့ရတယ်။” ဟု One More ကွန်ယက်မှ ကိုပြည်သွေးနိုင်က ပြောသည်။


ဒုက္ခသည် ကျောင်းသားများအား သူငယ်တန်းမှ အဌမတန်းအထိ စခန်းတွင်ပညာသင်ကြားပေးနေပြီး န၀မတန်းနှင့် ဒသမတန်းအား ကေအိုင်အို ဌာနချုပ်ရှိရာလိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့တွင် ဘော်ဒါထားစာသင်ပေးနေခြင်းဖြစ်သည်။


ကလေးများသည် အစာအာဟာရချို့တဲ့၍ကျန်းမာရေးချို့ယွင်းမှုများဖြစ်ပေါ်နေကြောင်းနှင့်ကူးစက်တီဘီရောဂါဝေဒနာရှင်   စုစုပေါင်း (၄၀)၀န်းကျင်ရှိနေကြောင်းနှောင်ကြိုးမဲ့ကွန်ယက်မှ ဒေါက်တာ ကျော်ဇေယျက ပြောသည်။


ကချင်ပြည်နယ်တွင် ၎င်းကဲ့သို့ ဒုက္ခသည်များ ဆင်းရဲနွမ်းပါးမှု၊စိတ်ဓါတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကို ပြန်လည် မြင့်တင်နိုင်ရန်
ငြိမ်းချမ်းရေးအမြန်ဆုံးလိုအပ်နေပြီဖြစ်ပြီး ဒုက္ခသည်ကလေးများအတွက်ရည်ရွယ်ချက် ပန်းတိုင်များ ပျောက်ဆုံးသွားနိုင်ကြောင်း
ကလေးချစ်သူများကွန်ယက်မှ ကိုအောင်မျိုးမြင့်က ပြောသည်။

“ပြည်တွင်းစစ်အမြန်ငြိမ်းချမ်းမှ ကလေးတွေလည်းပညာကောင်းမွန်စွာသင်ကြားနိုင်မယ်။ မျှော်လင့်ချက်များ
ပြန်လည်ရှင်သန်လာမယ်။  မြန်မာတပြည်လုံးမှာရှိတဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ငြိမ်းချမ်းရေးကို ပါဝင်
လက်တွဲဆောင်ရွက်စေချင်ပါတယ်။” ကိုအောင်မျိုးမြင့်က ဆက်ပြောသည်။
 

ကချင်ငြိမ်းချမ်းရေးကွန်ယက်နှင့် အခြားအဖွဲ့စည်းများ  ဇူလိုင်လ (၄)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကေအိုင်အို လက်အောက်ရှိ နယ်မြေရှိ ဒုက္ခသည်စခန်းများတွင်သွားရောက်လေ့လာခဲ့ကာ ၎င်းတို့  ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများအား
ပြန်လည်ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။