Tuesday, July 17, 2012

 လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာတွင် အသင်းတော်မှ ကျွေးမွေးသည့် ထမင်းနှင့် ဟင်းစားအပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၈၆ဦး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရ

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ဒိုင်စုကျေးရွာရှိ နေအိမ်အချို့အား တွေ့ရစဉ်
လှိုင်သာယာမြို့နယ်၊ ညောင်ရွာအုပ်စု၊ ဒိုင်စုကျေးရွာတွင် ခရစ်ယာန်အသင်းတော်မှ ကျွေးမွေးသည့် ကြက်ဥချဉ်ရည်ဟင်းနှင့်၊ ဂေါ်ဖီကြော်အား စားသုံးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး လူဦးရေ ၈၆ ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ ၁၄ ရက်နေ့က တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း လှိုင်သာယာပြည်သူ့ဆေးရုံအုပ်ကြီး၏ ပြောကြားချက်အရ သိရှိရသည်။

''ဇူလိုင်လ ၁၄ ရက်နေ့ မနက်မှာ အသင်းတော်ကကျွေးတဲ့ ကြက်ဥချဉ်ရေဟင်းနဲ့ ဂေါ်ဖီကြော်ကိုစားပြီး အော့အန်မူးဝေတာ၊ ၀မ်းသွားတာတွေဖြစ်လို့ ဆေးရုံရောက်လာကြပါတယ်။ ဆေးရုံကို သူ့တို့ဘာသာ လမ်းလျှောက်လာကြသလို မြို့နယ်အုပ်ချုပ်ရေးမှူး ရဲ့အစီအစဉ်နဲ့ လိုက်ပို့ပေးတာရှိပါ တယ်။ လိုအပ်တဲ့ကုသမှုတွေကို အခမဲ့ ကုသပေးခဲ့ပါတယ်။ အများစုကတော့ အသက်သုံးနှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေပါ။ လူကြီးကတော့ ၁၀ ယောက် ၀န်းကျင်ပဲ ပါပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ မနက်မှာ ဆေးရုံက အားလုံးဆင်းသွားပါတယ်''ဟု ဆေးရုံအုပ် ကြီးက ပြောကြားသည်။
ဆေးရုံတက်ကုသမှု ခံယူခဲ့သူများမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၄၆ ဦးဖြစ်ပြီး ၇၀ကျော်ခန့်မှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
ယင်းကဲသို့ အစာအဆိပ်သင့်မှု ဖြစ်ပွားရခြင်းမှာ ချက်ပြုတ်ချိန်တွင် မသန့်ရှင်းမှုနှင့် စားသုံးချိန်တွင် မလတ်ဆတ်မှုကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း အစာအဆိပ်သင့်မှုဖြစ်ပွားသည့် အကြောင်းရင်းအား ရှာဖွေနိုင်ရန် တိုင်းဓာတ်ခွဲခန်းသို့တင်ပို့၍ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါ်စိုးစိုးမူက ပြောသည်။
''ကျွန်မတို့ကို အသင်းတော်က အပတ်စဉ် ကျွေးမွေးလာတာ လေးနှစ်လောက် ရှိပါပြီ။ တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူး။ ချက်ပြုတ်တာကလည်း အသင်းတော်ကမဟုတ်ဘဲ သန်လျင်ကမှာပြီး စေတနာနဲ့ ကျွေးတာပါ။ ကျွန်မမိသားစုမှာ ကျွန်မအပါအ၀င် ကလေးနှစ်ယောက်ပါ ဆေးရုံတက်ခဲ့ရပါတယ်။ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး''ဟု အစာအဆိပ်သင့်၍ ဆေးရုံတက် ကုသမှုခံယူခဲ့ရသူ ဒေါ်အေးမော်က ပြောသည်။
လှိုင်သာယာမြို့နယ်တွင် ယခင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုအကြိမ်လောက် များပြားမှုမရှိခဲ့ကြောင်း သိရှိရပါသည်။
လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူသူ ၈၆ ဦးမှာဆေးရုံမှ ချက်ချင်းဆင်းနိုင်ခဲ့သော်လည်း အနောက်ပိုင်းကလေးဆေးရုံသို့ တက်ရောက်ကုသမှုခံယူသူ ကလေးငယ်သုံးဦးခန့်မှာ ဆေးရုံမှဆင်းခွင့်မရရှိသေးကြောင်း မေးမြန်းချက်အရ သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။