Sunday, May 27, 2012

အောင်မင်္ဂလာအသင်းဝင် Taxi များ ပိုက်ဆံပိုတောင်း၊ မချေမငံဆက်ဆံပါက တိုင်ကြားနိုင်

အောင်မင်္ဂလာကားဝင်းရှိ အသင်းဝင်တက္ကစီ(Taxi)စီး ခရီးသွားများအား စိတ်အနှောက်အယှက်ဖြစ်စေသည့် အပြုအမှုများလုပ်ဆောင်မှုအပေါ် တိုင်ကြားမှုများရှိလာပါက အသင်းဝင်ယာဉ်လိုင်းမှ ထုတ်ပစ်သည်အထိ အရေးယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 
“ဒီကားဝင်းထဲမှာ အသင်းဝင် Taxi (၃)ဖွဲ့ရှိပါတယ်။ အသင်းဝင်ကားတွေကို ငှားစီးလို့ ပိုက်ဆံပိုတောင်းတာတို့ လိုရာခရီးမရောက်တာတို့ လူပိုတင်တာတို့ တွေရှိလို့ တိုင်ကြားလာတယ်ဆိုရင် ယာဉ်မောင်းကို တိုင်းကြားမူပေါ် စီစစ်ပြီး အသင်းဝင်အဖြစ်မှ ထုတ်ပစ်တဲ့အထိ အရေးယူပါတယ်”ဟု အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း စည်ပင်ကွပ်ကဲမှုရုံးမှ ဦးဥာဏ်ထွန်းအောင်က (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဌာနမှူး (အခွန်ဌာန))ပြောသည်။
 
အဆိုပါကားဝင်း၌ အသင်းဝင်တက္ကစီဂိတ်များအဖြစ် ယာဉ်ရပ်နားကွင်းအမှတ် (၁)တွင် တစ်ခု၊ ယာဉ်ရပ်နား ကွင်း အမှတ် (၂)တွင် တစ်ခု သတ်မှတ်ထားကြောင်း သိရသည်။
 
“ကွင်း(၁) ဘက်မှာက မနက်ပိုင်းနဲ့ ညပိုင်းဆိုပြီး အပိုင်းခွဲထားတယ်။ အသင်းဝင်တက္ကစီတွေ စီးမယ်ဆိုရင်တော့ ခရီးစဉ်ဈေးနူန်းတွေကို သတ်မှတ်နှုန်းထားတွေကို ကြေညာထားပါတယ်။ ပိုလည်းတောင်းလို့ မရပါဘူး။ ပိုတောင်းရင်လည်း ကျွန်တော်တို့ကို ဒဏ်ငွေဆောင်ခိုင်းတာတို့ ထုတ်ပစ်တာတို့ရှိတယ်”ဟု အောင်မင်္ဂလာ ကားဝင်း အသင်းဝင် တက္ကစီမောင်းသမားတစ်ဦးက ပြောသည်။
 
အသင်းဝင် Taxi များအား သတိပေးကြေညာချက်အဖြစ် ခရီးသွားပြည်သူများအပေါ်မချေမငံ ပြောဆိုဆက်ဆံ ခြင်း၊ ခရီးသည်များအား မတန်တဆ ဈေးနူန်းများ တောင်းခံခြင်း၊ ခရီးသည်များ၏  သဘောတူညီချက်မပါပဲ ပူးပေါင်းတင်ဆောင်ရာတွင်   အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း စသည့်အခက်အခဲများ တွေ့ရှိပါက တက္ကစီ ကြီးကြပ်ရေးအဖွဲ့သို့ လည်းကောင်း၊ စည်ပင်သာယာရေး ကွပ်ကဲမူရုံးသို့လည်းကောင်း၊ ယာဉ်နံပါတ်မှတ်သား၍ တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာထားသည်။
 
“တစ်ခေါက်က ကျွန်တော် မော်လမြိုင်ဘက်ပြန်လာတော့ အောင်မင်္ဂလာကားဝင်းကနေ မြောက်ဒဂုံဘက် လာတာ တစ်ယောက်ထည်း လိုက်ပို့မှာ ၃၅၀၀ ကျပ်ဆိုလို့ တက်လိုက်တာ အိပ်သာခဏတက်ဦးမယ်ဆိုပြီး လူထပ်ခေါ်နေတယ်။ အဲဒါနဲ့ကျွန်တော်လည်း ဆင်းမယ်လုပ်ရော ၃၀၀၀ ကျပ်ပေးတော့ ဆိုပြီးပြောတယ်။ အဲဒါနဲ့လိုက်ခဲ့တာ ထက်တင်လာတဲ့သူကလည်း လှိုင်သာယာဘက်ဖြစ်နေတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ Taxi စီးခရီးသွားတစ်ဦးဖြစ်သူ ဦးသန်းဇော်က ပြောသည်။
 
အသင်းဝင် Taxi များသည် အောင်မင်္ဂလာကားဝင်းမှ မြို့တွင်းခရီးစဉ်များအဖြင့် ဆူလေးသို့ (၃၇၀၀)ကျပ်၊ မြေနီကုန်း-စမ်းချောင်း-ဗဟန်း-အလုံ-ကျောက်မြောင်း-တာမွေမြို့နယ်များသို့ ကျပ် (၃၅၀၀)- (၄၀၀၀)၊ လှည်းတန်း- ဘုရင့်နောင်-သမိုင်းလမ်းဆုံ-တောင်ဥက္ကလာ-ချောင်းဝ-ရန်ကင်းမြို့နယ်များသို့ ကျပ် (၂၅၀၀)-(၃၀၀၀)၊ မြောက်ဥက္ကလာပ-   ရွှေပေါက်ကံ- မင်္ဂလာဒုံ- ပုလဲမြို့သစ်မြို့နယ်များသို့ ကျပ် (၂၀၀၀)-(၂၅၀၀)၊ လှိုင်သာယာ-ရွှေပြည်သာမြို့များသို့ ကျပ် (၃၇၀၀)-(၄၅၀၀)၊ ဒဂုံမြို့သစ်မြောက်ပိုင်းသို့ ကျပ် (၂၅၀၀)-(၃၀၀၀)၊ ဒဂုံမြို့သစ်တောင်းပိုင်းသို့ ကျပ် (၄၀၀၀)-(၄၅၀၀)၊ သံလျင်- ကျောက်တန်းမြို့နယ်များသို့ ကျပ် (၆၀၀၀)-(၇၀၀၀)၊ သာကေတ-သုဝဏ္ဏ-သင်္ဃကျွန်း-ပုဇွန်တောင်-ဗိုလ်တစ်ထောင်မြို့နယ်များသို့ ကျပ် (၄၀၀၀)-(၄၅၀၀) တို့ဖြင့် သတ်မှတ်ပြေးဆွဲနေကြောင်းသိရှိရသည်။
 
တိုင်းကြားလိုသူများအနေဖြင့် စည်ပင်ကွက်ကဲမှုရုံး ၀၁-၆၃၆၉၁၉၊၀၁-၆၃၉၄၆၆(လိုင်းခွဲ-၃၅၁)၊ ၆၃၉၄၅၅(လိုင်းခွဲ-၂၉၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
 
အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းအား ၂၀၀၂ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အသင်းဝင်တက္ကစီများအား ၂၀၀၆-၂၀၀၇ခုနှစ်တွင် စတင်ဖွဲ့စည်းကာ အသင်းဝင်တက္ကစီပေါင်း(၂၀၀)၀န်းကျင်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။