Sunday, May 27, 2012

အမှိုက်ကန်များ သိမ်းဆည်းချိန်မမှန်၊အနံဆိုးထွက်ပါက စည်ပင်က ချက်ချင်းဆောင်ရွက်ပေးမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ စွန့်ပစ်အမှိုက်ကန်များ အနံဆိုးထွက်ခြင်းနှင့် အမှိုက်သိမ်းဆည်းချိန်မမှန်ပါက စည်ပင်သာယာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနသို့ တိုင်ကြားနိုင်ပြီးဌာနမှ ချက်ချင်းသန့်ရှင်းရေး စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 
“သိမ်းချိန်မမှန်တော့ အနံဆိုးကြောင့် ပတ်ဝန်းကျင်ထိခိုက်တာတွေရှိတယ်။ အဲလိုမျိုးတွေမဖြစ်အောင် ၀န်ထမ်း တွေကို တာဝန်ပေးထားတယ်။ ၀န်ထမ်းတွေအနေနဲ့ တာဝန်ပျက်ကွက်တယ်ဆိုရင်လည်း ကန်အမှတ် ဘယ် လောက်၊ ဘယ်နေရာကဆိုတာ အတိအကျရေး တိုင်ပါ။ ပြည်သူပြောတာအမှန်လို့ ယူဆပြီး ကျွန်တော်တို့ ချက်ချင်းဆောင်ရွက်ပေးနေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။
 
ရန်ကုန်မြို့တွင်း၌ အမှိုက်ကန်ပေါင်း (၉၀၀)ကျော်ရှိပြီး သန့်ရှင်းရေးအနေဖြင့် ၂၀၁၂ခုနှစ် မေလအထိ ညနေ-၆ နာရီမှ ည-၁၁နာရီ အတွင်းသာ သတ်မှတ်နေရာများတွင် အမှိုက်စွန့်ပစ်ခွင့်ပေးခဲ့သော်လည်း လာမည့် ဇွန်လမှ စ၍ မနက် ၆နာရီမှ မနက် ၁၀နာရီတွင်လည်း အမှိုက်စွန့်ပစ်ခွင့်ပြုသွားမည်ဖြစ်ပြီး အမှိုက်များအား စွန့်ပစ်ချိန်   ကျော်လွန်သွားပါက ချက်ချင်းရှင်းလင်းပြီးစနစ်ကို အသုံးပြုသွားမည်ဖြစ်သည်။
 
“အရင်ကဆို ကျွန်မတို့ တိုက်ပေါ်ထပ်ကတောင်နံတယ်။ အခုတော့  အမှိုက်ကန်လိုမျိုးဟာကြီး ကားနဲ့လာ ထားတယ်။ ပြီးတော့ အဲဒါကိုကားနဲ့လာ တင်သွားတယ်။ ချက်ချင်းတော့ ရှင်းနေကြတာတွေ့တယ်။ ဒါပေမယ့် အစိုအခြောက် အမှိုက်တွေကို ခွဲခြားပစ်ဖို့ အမှိုက်အိတ်ဝယ်တဲ့နေရာမှာတော့ များများဝယ်မှရောင်းပေးတယ် ဆိုတာတော့ အဆင်မပြေဘူး”ဟု သံလမ်းမှ ဒေါ်ချိုမြင့်က ပြောသည်။
 
အမှိုက်စွန့်ပစ်ရာတွင် အစိုအခြောက်ခွဲခြား စွန့်ပစ်ခြင်းစနစ်ကို ၂၀၁၂ခုနှစ် ဧပြီလ (၁)ရက်နေ့မှစတင်၍ အမှိုက်စိုအား အိတ်အပြာရောင်၊ အမှိုခြောက်အား အိတ်အစိမ်းရောင်ဖြင့် စွန့်ပစ်ရန်သတ်မှတ်ခဲ့ကြောင်း သိရသည်။
 
အဆိုပါအိတ်များအား စည်ပင် သန့်ရှင်းရေးဝန်ထမ်းများနှင့် နီးစပ်ရာ ဈေးဆိုင်များတွင် ၀ယ်ယူနိုင်ပြီး အိတ်သေး တစ်အိတ်လျှင် (၂၅)ကျပ်၊ အိတ်ကြီး တစ်အိတ်လျှင် (၈၅)ကျပ်ရှိကြောင်း သိရသည်။
 
လက်ရှိတွင် စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အမှိုက်စွန့်ပစ်မှုများ သိမ်းဆည်းရန် အမှိုက်ပုံးများအား ထိုင်ဝမ်မှ တင်သွင်းခြင်းဖြစ်ပြီး ထပ်မံ၍ အမှိုက်ပုံးကြီး(၅၀၀)နှင့် အမှိုက်ပုံးလတ်(၁၅၀၀) တို့အား မှာယူထားကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။