Sunday, May 27, 2012

ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်ဒေသရှိ လယ်ယာပိုင်ရှင်များအလုပ်လက်မဲ့ဖြစ်မှုများလာ

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာတွင်ဒေသများတွင် ပါဝင်သော လယ်ယာမြေ ပိုင်ရှင်များ  လယ်လုပ်ပိုင်ခွင့်မရရှိတော့သဖြင့် အလုက်လက်မဲ့ဖြစ်သူဦးရေများလာကြောင်း စုံစမ်းသိရှိရသည်။
 

ရခိုင်ပြည်နယ် ကျောက်ဖြူမှတရုတ်ပြည်သို့ သွယ်တန်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်း ရာတွင် လယ်ယာမြေကွက်မျာအား ဖြတ်ကျော်ရသည့်အတွက် အဆိုပါမြေကွက်များတွင် လယ်ယာစိုက်ပျိုးခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာသားတစ်ဦးက ပြောသည်။
 
“ ကျောက်တလုံးဘုရားအောက်ဘက်ကနေ ကံ့ကော်တော့ဘက်သို့သွားတဲ့ လမ်းကြောင်းတစ်လျောက်မှာရှိတဲ့ လယ်ကွက်တွေဟာ ပိုက်လိုင်းဖြတ်သမ်းရာမှာ အလယ်စီးကနေ ပါသွားတယ်၊ ပါသွားတဲ့ မြေကွက်တွေမှာ ကုမ္ပဏီက နေပြီးတော့ လယ်မစိုက်ရဆိုပြီး စိုက်ဘုတ်တွေစိုက်ထူးတားတယ်၊ပြီးတော့ အမှတ်အသားတွေလဲ လုပ်ထားတယ်၊   ပိုင်လိုင်းဖြတ်သမ်းတဲ့ လမ်းကြောင်းက အကျယ် ပေ(၅၀)ကနေ (၁၀၀)လောက်ဘဲ ရှိတယ်၊ အခု လယ်မြေအားလုံးကို လုပ်ငန်းခွင်ဧရိယာလို့ သတ်မှတ်ထားတော့ လယ်သမားတွေအတွက် ဘယ်လိုမှ လုပ် လို့ မရတော့ဘူ’’ဟုရှင်းပြသည်။
 
ပိုက်လိုင်းသွယ်တန်းပြီးပါက မြေအောက်သို့ မြုပ်ထားမည်ဖြစ်ပြီးအပေါ်(၁၀)ပေထားရှိမည်ဖြစ်ရာ ၄င်းပိုက်လိုင်း ပေါ်တွင် လယ်ယာမြေစိုက်ပျိုးနိုင်ရန်  ကနဦးက စီစဉ်မှုများရှိခဲ့သည်။လက်ရှိကာလ တွင် ပိုက်လိုင်းသွယ်တန်းမှု မပြီးစီးသေးသဖြင့် လယ်သမားအများစုမှာ အလုပ်လက်မဲ့ပြသာနာအား ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောဆိုသည်။
 
ပိုက်လိုင်းအတွက် သိမ်းယူထားသော လယ်ကွက်များသည် လယ်သမားများထံမှ ယာယီငှားရမ်းထားခြင်းဟုဆို သော်လည်း ငှားရမ်းခြင်းမျိုး မဟုတ်ဘဲအပိုင်သိမ်းသည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူဒေ သခံများက ပြောသည်။
 
ယခုနှစ်တွင် ကျောက်ဖြူမြို့နယ်ရှိ လယ်သမားအများစုမှာ လယ်ယာမြေစိုက်ပျိုးရန်အတွက် မြေကွက်ရှားပါးနေ သလို ယမန်နှစ်ကလည်း စပါးကောက်ရိပ်သိမ်းချိန်တွင် ပိုင်းလိုင်းဖြတ်သန်းရန် မြေကွက်သိမ်းယူခဲ့မှုများလည်း ရှိခဲ့သည်။
 
“ဟုတ်တယ်၊ မနှစ်က မလကျွန်းကနေ ကလဘာရီကို သွယ်တန်းမယ်ပိုက်လိုင်းကြောင်း စပါးကောက်ရိတ် သိမ်းချိန်မှ   မြေကွက်တွေကို လာပြီး သိမ်းယူသွားတာရှိတယ်၊   သိမ်းတယ်ဆိုတာက ဒီလိုပါ ကုမ္ပဏီက လူတွေ ပေါ့ ဒီလယ်မြေတွေဟာ ပိုက်လိုင်းလမ်းကြောင်းမှာပါတယ်၊ ဆိုပြီးတော့ ပြောတာတွေရှိတာပေါ့၊ လျော်ကြေး တော့ပေးတယ်၊ ဒါပေမယ့် လျော်ကြေး က အခုထိကို အပြည့်မရသးဘူး’’ဟု  ကျောက်ဖြူမြို့မှ   အလယ်တန်း ကျောင်းဆရာတစ်ဦးကပြောပြသည်။
 
လက်ရှိတွင် ကျောက်ဖြူဘက်မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုမှာ ကမ်းလွန်မှ  ဓာတ်ငွေ့သန့် စင်စက်ရုံ တည်ရှိရာမလကျွန်းသို့ သွယ်တန်းနေသလို  ကျောက်ဖြူမှအမ်းဘက်သို့လည်း သွယ်တန်းနေပြီဖြစ်သည်။
 
အလားတူရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာတွင် ပါဝင်သည့် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်   မြောက်ပိုင်းတွင်လည်း ပိုက်လိုင်းများသွယ်တန်းနေဆဲဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။