Wednesday, May 2, 2012

SSA တောင်ပိုင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်

ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီးဖြစ်သော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ မေလထဲတွင်တွေ့ဆုံကြရန်ရှိပြီး အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေးတိုက်ပွဲဆင်နွဲမှုများအပေါ် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်သွားရန်ရှိကြောင်း SSA ကပြောသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် အစိုးရ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းတို့ ယမန်နှစ် ဒီဇင်ဘာလက ဆွေးနွေးပွဲ (ဓာတ်ပုံ - thaifreedom.com)

နှစ်ဖက်တပ်များအကြား အပစ်ရပ်ရေးနှင့် နယ်မြေသတ်မှတ်မှုများ သဘောတူညီမှုရထားပြီးဖြစ်သော်လည်း SSA-S တပ်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို ပူးတွဲလုပ်ဆောင်နိုင်ရန် အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်း က ပြောသည်။
“ပြည်ထောင်စုအဆင့်က ဆွေးနွေးမယ့်ရက်ရွေးဖို့ ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ကိုဆက်သွယ်လာတယ်။ ကျနော်တို့ကတော့ မေလ ဒုတိယပတ်လောက်လို့ မှန်းထားပါတယ်။ တွေ့ဆုံကြဖို့က သဘောတူညီမှုရရှိပြီးသားပါ”ဟု စိုင်းဆိုင်မိဏ်း က ဧရာဝတီသို့ ပြော သည်။
အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေမှုများအပေါ် SSA-S ဥက္ကဋ္ဌ ရွက်ဆစ်က ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးအဖွဲ့ထံ မတ်လ ၂၃ ရက်နေ့က စာပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် SSA-S နှင့် အပစ်ရပ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သူ အစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ထိုကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးပေး မည်ဟု အကြောင်းပြန်ခဲ့သည်။
ထို့နောက် သင်္ကြန်ရက်များအပြီး တွင်တွေ့ဆုံကြရန်ဆက်သွယ်ထားကြသော်လည်း အစိုးရငြိမ်းချမ်းရေးအဖွဲ့များမအားလပ်သဖြင့် မေ လပိုင်းထဲသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် တောင်ကြီးမြို့၌ တွေ့ဆုံဆွေးနွေးရာတွင် နယ်မြေပိုင်းခြားသတ်မှတ်မှုများ ပါဝင်ခဲ့ပြီး အစိုးရ တပ်များက SSA-S တပ်များ စခန်းချရာ နေရာများကို ဝင်ရောက်သိမ်းမှု များသည် SSA-S ဗဟိုဌာနချုပ်အနေဖြင့် အောက်ခြေ တပ်များအား နားလည်မှု ရှိစေရန်နှင့် ကျေနပ်မှုရှိစေရန်တို့အတွက် အကြောင်းပြချက်ပေးရန် အခက်ခဲဖြစ်စေခဲ့ကြောင်း SSA-S ဥက္ကဋ္ဌ ရွက်ဆစ် အကြောင်းကြားစာ၌ ဖော်ပြထားသည်။
လတ်တလောတွင် အစိုးရတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့သော်လည်း နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘော တူညီမှု လက်မှတ်ထိုးပြီး တစ်လအကြာတွင် အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းထ၊ နမ့်ဆန်၊ မိုင်းယောင်း၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များအတွင်းရှိ SSA-S တပ်စခန်းချရာနေရာများကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေပြီး သတ်ဖြတ်ခြင်း၊ လက်နက်နှင့်ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဥက္ကဋ္ဌ ရွက်ဆစ်က ပေးပို့သော စာထဲတွင် ပါရှိသည်။
အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီ ချက် ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။