Wednesday, May 2, 2012

(၈၈)ညီနောင်များပါတီက လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်

နိုင်ငံရေးပါတီ(၄)ပါတီ ပူးပေါင်း၍ ၈၈မျိုးဆက်ကျောင်းသားညီနောင်များပါတီ နာမည်ဖြင့် ပါတီတစ်ခုတည်ထောင်လိုက်ကြောင်း   မေလ(၁)ရက်နေ့(အလုပ်သမားနေ့)က ဒို့ရိုးရာစားသောက် ဆိုင်တွင် ကျင်းပသောအခမ်းအနားက သိရသည်။

 
၈၈ မျိုးဆက်ညီနောင်ပါတီများသည် လတ်တလောတွင် ပါတီ (၄)ခုဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး နောက်ထပ် ပူးပေါင်းကြမည့် နိုင်ငံရေးပါတီများလည်း ရှိကြောင်း၊ အဆိုပါ ပါတီများအားလုံးနှင့် စုပေါင်း ၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။
 
“ကျွန်တော်တို့ ခုလိုဖွဲ့စည်းလိုက်တာဟာ မဟာမိတ်အဆင့်လို စကားပြောရုံသာမာန် ပူးပေါင်းတာမျိုး မဟုတ်ပဲနဲ့ ညီနောင်ပါတီများအနေနဲ့ အလုပ်လုပ်မယ့် အစုအဖွဲ့ကို ထူထောင်တာဖြစ်ပါတယ်။ အဲဒီ တော့ ပါတီတွေက ညီနောင်အနေနဲ့ တစ်ဦးလိုအပ်ချက်ကို တစ်ဦး ကူညီပေးမယ်။
 
 နိုင်ငံရေးအသွင် ကူးပြောင်းရေးမှာ လက်တွဲလုပ်ဆောင်သွားကြမှာဖြစ်ပါတယ်” ဟု ၈၈ မျိုးဆက် ညီနောင်ပါတီက ဦးဆောင်ပါဝင်သူ ကောင်းမြတ်ထွဋ်က ပြောသည်။
 
တိုင်းပြည်၏ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ကျောင်းသားအရေးများကို ၎င်းတို့ ပါတီ အနေဖြင့် ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်မည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
 
 “နောက်ထပ်ပူးပေါင်းကြမယ့် နိုင်ငံရေးပါတီတွေလည်း ရှိပါသေးတယ်။ အဲဒီ လူတွေအားလုံးနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ထဲထိအင်အားများများ ရောက်နိုင်အောင် စီစဉ်ကြမှာ ဖြစ်ပါတယ်။ ရွေး ကောက်ပွဲဝင်ဖို့ကိစ္စမှာကတော့ ကိုယ့်ပါတီအသီးသီး နာမည်ရှိပါမယ်။”ဟု ကောင်းမြတ်ထွဋ်မှ ဆက်လက်ပြောဆိုသည်။
 
၈၈ မျိုးဆက်ညီနောင်ပါတီက ဦးဆောင်ပါဝင်သူ ကောင်းမြတ်ထွဋ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ကိုယ်စားပြု မြန်မာကွန်ဂရက်ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
 
လက်ရှိ ၈၈ မျိုးဆက် ကျောင်းသားညီနောင်များပါတီတွင် ၈၈မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊   ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံေ၇းအဖွဲ့ချုပ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် မြန်မာအမျိုးသားကွန်ဂရက်ပါတီတို့ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။