Wednesday, May 2, 2012

အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် အလုပ်သမားနေ့ အခမ်းအနား

By ဇာဏီ၊ ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်နေ့။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့သည့် ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်  မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM)တို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို အစီအစဉ် (၁၁) ရပ်ဖြင့် နံနက် ၉း၀၀ အချိန်တွင်စတင် ကျင်းပခဲ့ပြီး အီတလီ သမဂ္ဂအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဗကသများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ Labour Actionနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှာ ရှိသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)အဖွဲ့ဝင်များမှ ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ အဲဒီနောက်မှာ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)တို့၏ အောက်ပါပူးတွဲဆုံးဖြတ်ချက် (၇) ရပ်ကို ချမှတ်ခဲ့ကြပါသည်။

၁။ မြေယာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းရာတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့် လယ်သမားအခွင့်အရေးများ ကာကွယ်နိုင်ရန်အတွက် လွတ်လပ်သော တောင်သူလယ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန် ဆုံးဖြတ်သည်။

၂။ အလုပ်သမား၊ လယ်သမား အခွင့်အရေး ဥပဒေရေးဆွဲရာတွင် လွတ်လပ်သော တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန် ဆုံးဖြတ်သည်။

၃။ အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ကလေးစစ်သားများ စုဆောင်းအသုံးပြုနေခြင်းတို့ကို (၃)နှစ် သက်တမ်းတိုး ခွင့်ပြုထားခြင်းအပေါ် ချက်ခြင်းရပ်တန့်ပေးရန် ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။

၎။ အစိုးရရုံးပိတ်ရက်များတွင် ကာယ၊ဥာဏ အလုပ်သမားထုအားလုံး အလုပ်ပိတ်ရက်နှင့် လုပ်ခလစာအပြည့် ရရှိရန်ဆုံးဖြတ်သည်။

၅။ လွတ်လပ်သော သမဂ္ဂ အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအပေါ် ကန့်သတ်ချုပ်ချယ်နေမှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်သည်။

၆။ ကလေးအလုပ်သမား ပပျောက်ရေးနှင့် အခမဲ့ပညာသင်ကြားရေး ဖော်ထုတ်ပေးရန် ဆုံးဖြတ်သည်။

၇။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒဂုံမြို့သစ်မြို့နယ်မှ "လယ်ယာမြေများအား နောက်ကို မသိမ်းတော့ပါ"ဟု မီဒီယာများအား ပြောကြားခဲ့သော်လည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာ၊ ဒလဗန်းကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာများမှ လယ်ယာမြေများကို စီမံကိန်းနယ်မြေမလွတ်သည့်အတွက် မဖယ်ရှားပေးပါက မြေတူးစက်များဖြင့် ဖယ်ရှားမည်ဟု ခြိမ်းခြောက်နေမှုများကို မိမိတို့ AFFMမှ အပြင်းအထန် ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။ စသည့်ဆုံးဖြတ်ချက် (၇) ရပ် ချမှတ်ခဲ့ကြပါသည်။

"အခမ်းအနားကို အနှောင့်အယှက်မရှိပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီနေ့ မေဒေးနေ့ကိုတောင် စက်မှုဇုံတွေက စက်ရုံတွေက မပိတ်ပေးကြတဲ့အတွက် ဒီနေ့မှာ အလုပ်မဆင်းရင် တလလုံးရဲ့ ရက်မှန်ကြေးက အဖြတ်ခံရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေးနဲ့ ဘဝအခြေအနေတွေကြောင့် မတက်ရောက်နိုင်ခဲ့ကြတဲ့အပေါ် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ရှေ့နှစ်တွေမှာ အလုပ်သမားတွေအားလုံး တန်းတူညီတူ အခွင့်အရေး ရရှိပြီး အလုပ်ပိတ်ရက်တွေမှာ အလုပ်ခွင်တွေမှ အလုပ်နားပြီး လစာ အပြည့်ရပြီးတော့ ရှေ့နှစ်တွေမှာ ဒီထပ်ကောင်းမွန်တဲ့ အခမ်းအနားမျိုးတွေ ပြုလုပ်ခွင့်ရနိုင်ပါစေလို့ ကျနော့အနေနဲ့ ဆန္ဒရှိပါတယ်" လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို တက်ရောက်ခဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM) အတွင်းရေးမှူး ဦးမြင့်ထွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)၊ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)၊ ပဲခူးတိုင်း ချည်မျှင်၊ အထည်ချုပ်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ (TGLWU)၊ ပို့ဆောင်ရေး နှင့် အထွေထွေ အလုပ်သမား သမဂ္ဂ (TGWU)၊ စာရေးဆရာ၊ စာပုံနှိပ်နှင့် ပညာရေး လုပ်သားများ သမဂ္ဂ (Teachers and Education Workers Union)၊ အနှေးယာဉ် အလုပ်သမားများ သမဂ္ဂ၊ ပလတ်စတစ်ပစ္စည်းစက်ရုံ အလုပ်သမားများ သမဂ္ဂတို့ စုပေါင်း၍ ၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တောင်သူလယ်သမားများ၊ စက်မှုဇုံ အလုပ်သမားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အယောက် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ အလားတူပဲ  ရန်ကုန်တိုင်း သုံးခွမြို့နယ်နှင့် ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး တို့တွင်လဲ ၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)၊ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)တို့ တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတော် အစိုးရကို ၂၀၁၁ နိုဝင်ဘာလကတည်းက မှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင် အရာရှိချုပ် မခန့်ရသေးကြောင်း စာဖြင့် အကြောင်းပြန်ကြားပြီး အဲဒီနောက်ပိုင်းမှာတော့ တစုံတရာ အကြောင်းပြန်တာမျိုး မရှိခဲ့ဘူးဟု သိရပါသည်။

ဘားမားဗီဂျေ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။