ဗိုလ်မှူးချုပ် စောလဘွယ် သတင်းစာရှင်းလင်း

တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ
ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅
တပ်မှူး ဖြစ်ပါသည်။ (RFA)
ဗိုလ်မှူးချုပ်စောလဘွယ်ကို ဧပြီလ ၂၀ရက်နေ့က ထိုင်းအစိုးရက မူးယစ်ရာဇာအဖြစ်
စွတ်စွဲပြီး ဆုငွေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာ
ရှင်းလင်းပွဲကို ဒီကနေ့ မနက်ပိုင်းက ကလိုထူးဖေါ စစ်ဌာနချုပ်ရှိရာ
ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ် ကော်သုံးဘွယ်ခီး ဒေသမှာ ပြုလုပ်ပါတယ်။
သတင်းစာရှင်းပွဲနဲ့ ပတ်သက်ပြီး ကလိုထူးဖေါ ကရင်အမျိုးသား အစည်းအရုံး
အတွင်းရေးမှူး စောဂုဏ်အောင်က ပြောပါတယ်။
"၃၀ ရက်နေ့ နောက်ဆုံးထားပြီးတော့ ကျွန်တော်တို့ဆမှာ လာပြီးတော့ ရှာဖွေလို့
ရတယ်။ ၃၀ ရက်နေ့ မှာ မလာတဲ့အတွက်ကြောင့် ကျွန်တော်တို့က သတင်းစာ
ရှင်းလင်းပွဲလုပ်တာ။ ဗိုလ်ချုပ်စောလဘွယ်က ဒီမူးယစ်ဆေးဝါးရောင်းဝယ်တဲ့ဟာကို
သူကိုယ်တိုင်လည်း မလုပ်ဖူးဘူး။ သူများကိုလည်း ညွှန်ကြားချက် တစုံတရာမရှိဘူး။
အဲလို ငြင်းလိုက်ပါတယ်။ တကယ်လို့ စွတ်စွဲတဲ့ဘက်က စွပ်စွဲချက်တွေကို
သက်သေအထောက်အထား အခိုင်အမာနဲ့ ပြနိုင်မယ်ဆိုရင် နိုင်ငံတကာ ခုံရုံးမှာ
တက်ပြီးတော့ တရားရင်ဆိုင်မယ်။ ပေးတဲ့ အပစ်ဒဏ်ကို ခံယူမယ်လို့ သူက အဲဒီလို
ကြေညာခဲ့ပါတယ်။ "
သတင်းစာရှင်းပွဲ ပြုလုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့်
ထိုင်းနိုင်ငံဘက်ကနေ မြန်မာပြည်ဘက်ကို ကူးသန်းတဲ့ လမ်းကို ထိုင်းစစ်တပ်က
ဒီကနေ့ ပိတ်ထားတာကြောင့် ထိုင်းနိုင်ငံသား သတင်းထောက် လေးဦးပဲ
လာရောက်နိုင်တယ်လို့ သိရပါတယ်။ မေလ ၁၀ရက်နေ့မှာလည်း မြန်မာပြည်တွင်း
သတင်းထောက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ သတင်းထောက်တွေကို ဒုတိယအကြိမ်
သတင်းစာရှင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ကလိုထူးဖေါ အဖွဲ့က ပြောပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။