နိုင်ငံရေးခေါင်းဆောင်အစစ်မှာ တိုင်းပြည်နှင့်ပြည်သူအကျိုးအတွက် ပြောင်းလဲတတ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ပြောကြား
နိုင်ငံရေးခေါင်းဆောင်အစစ်ဆိုသည်မှာ
တိုင်ပြည်၏အကျိုး၊ ပြည်သူလူထု၏အကျိုးနှင့်ယှဉ်လာပါက ပြောင်းလဲ တတ်ကြောင်း
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မေလ(၂)ရက်နေ့တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တက်မည်ဟု ဆုံးဖြတ်လိုက်သည့်
အပေါ်တွင် မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့
အချိန်အခါတွေမှာ ခက်ခဲခဲ့တဲ့အချိန်ဆိုတာ ကျွန်တော်သိပါတယ်။
နိုင်ငံရေးသမားဆိုတာ တစ်ခါ တစ်ရံမှာ ကွဲလွဲစွာပြုမူတတ်တဲ့ သဘောရှိပါတယ်။
ခေါင်းဆောင်အစစ်ဆိုတာ တိုင်းပြည်ရဲ့ အကျိုး၊ လူထုရဲ့ အကျိုးနဲ့
ယှဉ်လာမယ်ဆိုရင် ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်”ဟု မစ္စတာဘန်ကီမွန်းက
ပြောကြားခဲ့သည်။
ယနေ့(အလုပ်သမားနေ့)နံနက်ပိုင်း
(၁၀) နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှုးချုပ်
မစ္စတာဘန်ကီမွန်းတို့သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံခဲ့ပြီး သတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ်၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသားတွေအတွက် စီးပွားရေးနဲ့ပတ်သတ်ပြီး ကူးသန်းရောင်းဝယ်မှုတွေကောင်းလာဖို့ဆိုရင်
ရင်းနှီးမြှပ်နှံမှုတွေဝင်လာရင် အလုပ်အကိုင်တွေ ပေါ်လာမယ်၊
အလုပ်ကိုင်တွေဖြစ်လာရင် ထင်သာမြင်သာ ရှိလာမယ်။ တာဝန်ယူမှုတွေ၊
လူ့အခွင့်အရေးတွေလည်း ကောင်းမွန်မယ်ဆိုရင် အပြန်အလှန် ဆက်ဆံမှုတွေ
ကောင်းလာပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ့်အထဲမှာ မြန်မာနိုင်ငံ
ဟာလည်း အခွင့်အရေးတွေ ရလာလိမ့်မယ်”ဟု မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အပြု
သဘောဆောင်သော တိုးတက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးမှလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ပေး သွားမည်ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။
တွေ့ဆုံမှုအပြီးတွင်
မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂအဖွဲ့ချုပ်သို့ လာရောက်ရန်
အတွက် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိအနေဖြင့်လည်း
ကုလသမဂ္ဂအဖွဲ့ချုပ်သို့ လာရောက်လို ကြောင်းနှင့် လာရောက်ရန်အချိန်ကျပါက
အကြောင်းပြန်မည်ဟု ပြောကြားခဲ့သည်။
ထို့နောက်
နံနက် (၁၁) နာရီဝန်းကျင်ခန့်တွင် မီဒီယာများနှင့် တွေ့ဆုံ၍
မေးခွန်းအချို့ကို ဖြေကြားပြီးနောက် (၁၁)နာရီ (၄၅) မိနစ်ခန့်တွင် မစ္စတာ
ဘန်ကီမွန်းနှင့် အဖွဲ့သည် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်
တွေ့ဆုံရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်လည်ထွက်ခွာသွားသည်။
ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။