Tuesday, May 29, 2012

GSM နှင့် WCDMA ဖုန်း ကျပ်သန်းပေါင်း ကိုးသောင်းကျော်ဖိုး ရောင်းရ

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာ့ဆက်သွယ်ရေးသည် ကျပ်နှစ်သိန်းတန် GSM ဖုန်း စတင်ရောင်းချချိန်မှ ၂၄ ရက်အတွင်း ကျပ်သန်းပေါင်း ရှစ်သောင်းကျော် နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်း စတင်ရောင်းချချိန်မှ ၁ဝ ရက်အတွင်း ကျပ်သန်းပေါင်း တသောင်းကျော်၊ စုစုပေါင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် ရရှိခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဌာနမှ တရားဝင်ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

အဆိုပါ ငွေကြေးပမာဏသည် ကရင်ပြည်နယ် တခုလုံးအတွက် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ် ပေးအပ်ခဲ့ သည့် ထောက်ပံ့ငွေထက် ၃၅ ဆခန့် ပိုမိုများပြားကြောင်း ၂ဝ၁၂ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေပါ စာရင်းဇယားများဖြင့် နှိုင်းယှဉ်သိရှိရသည်။ ထို့ပြင် ယင်းငွေ ပမာဏသည်  တဒေါ်လာလျှင် ကျပ် ၈၀၀ ဖြင့် တွက်ချက်ပါက ဒေါ်လာ သန်း ၁၁၀ ကျော် တန်ဖိုးရှိသည်။
simcard1
ကျပ် နှစ်သိန်းတန် GSM ဖုန်းများကို ဧပြီလ ၉ ရက်နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ဧပြီလ ၂၃ ရက်တို့ တွင် အသီးသီး စတင်ရောင်းချခဲ့ပြီး မေလ ၂ ရက်နေ့အထိ GSM ဖုန်းအလုံးရေ လေးသိန်းကျော် နှင့် WCDMA ဖုန်း အလုံးရေ လေးသောင်းကျော် ရောင်းချခဲ့ရပြီဟု မြန်မာ့ ဆက်သွယ်ရေးက ထုတ်ပြန်သည်။

ယင်းကဲ့သို့ GSM ဖုန်းများနှင့် WCDMA ဖုန်းများကို ရောင်းချရာတွင် ရန်ကုန်တိုင်း၌ ရောင်းအား အကောင်းဆုံးဖြစ်ပြီး GSM အလုံးရေ တသိန်းခွဲကျော်နှင့် WCDMA အလုံးရေ နှစ်သောင်း လေးထောင်ကျော် ရောင်းချခဲ့ရကြောင်း
မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ခဲ့သဖြင့် အဆိုပါ ဌာနသည် ရန်ကုန်တိုင်း တခုတည်းမှ ဝင်ငွေ ကျပ်သန်းပေါင်း သုံးသောင်း ခုနှစ်ထောင်ကျော် ရရှိခဲ့သည်။

ထို့ပြင် ဒုတိယ ရောင်းအား အကောင်းဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် GSM အလုံးရေ ငါးသောင်း ရှစ်ထောင်ကျော်နှင့် WCDMA အလုံးရေ လေးထောင့်နှစ်ရာကျော် ရောင်းချခဲ့ရသဖြင့် ယင်းဌာနသည် မန္တလေးတိုင်းမှ ကျပ်သန်း တသောင်း သုံးထောင်နီးပါး ဝင်ငွေရရှိခဲ့သည်။

ရန်ကုန်တိုင်းတခုတည်းမှ ဖုန်းရောင်းရချရငွေ ကျပ်သန်းပေါင်း သုံးသောင်း ခုနှစ်ထောင်ကျော်သည် တိုးတက်မှု နည်းပါးသည့် ကယားပြည်နယ်သို့ ယခုဘဏ္ဍာနှစ်တွင် ထောက်ပံ့ခဲ့သည့် ငွေကြေးထက် ရှစ်ဆခွဲကျော် ပိုမိုများပြား သည်။

GSM နှင့် WCDMA ဖုန်း နှစ်မျိုးပေါင်း အလုံးရေ လေးသိန်း လေးသောင်းကျော် ရောင်းချခဲ့ပြီးဖြစ်သဖြင့် ဖုန်းသုံးစွဲသူ တဦးက တနေ့ တမိနစ်နှုန်း ခေါ်ဆိုလျှင်ပင် မြန်မာ့ဆက်သွယ်ရေးသည် ဖုန်းခေါ်ဆိုခ အနည်းဆုံး ကျပ် သိန်းနှစ်ရာ့နှစ်ဆယ် နေ့စဉ်ရရှိမည် ဖြစ်သည်။

GSM တယ်လီဖုန်းများသည် မန္တလေးမြို့၌ သုံးစွဲ၍ အဆင်မပြေသဖြင့် ကျပ် တသိန်းခွဲဖြင့် ပြန်လည် ရောင်းချမှုများ ရှိနေသည်ဟု ပြည်တွင်းထုတ် News Watch ဂျာနယ်တွင်ဖော်ပြထားသည်။

မေလကုန်တွင် ကျပ်တသိန်းတန် ဖုန်းများ ပေါ်ထွက်လာမည်ဆိုသည့် သတင်းကိုမူ ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းက မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ငြင်းဆိုခဲ့သည်။

ကျပ် ငါးထောင်တန် ဖုန်းလိုင်းများ ရရှိရေးအတွက် တောင်းဆိုရန် လှုံ့ဆော်ထားသည့် တီရှပ်များကို မြို့တွင်း လူစည်ကားရာ နေရာများတွင် ဝေငှခြင်း၊ ခရီးသည်တင် ဘတ်စ်ကားများပေါ်တွင် လှုံ့ဆော်စာပါ စတစ်ကာများ ကပ်ခြင်း စသည့် လှုပ်ရှားမှုများ မတ်လအတွင်း၌ ဖြစ်ပွားခဲ့သေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။