Tuesday, May 29, 2012

သက်ကြီးရွယ်အို၊ အလုပ်လက်မဲ့နှင့် အာမခံလုပ်သားများအတွက် လူမှုဖူလုံရေးရရှိစေရန် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုရန်သာလို

အာမခံအလုပ်သမားများသာမက လူမှုဖူလုံရေးကတ်ပြားကိုင်ဆောင်သူ သက်ကြီးရွယ်အိုများနှင့် အလုပ်လက်မဲ့ များအား လူမှုဖူလုံရေး  စရိတ်ခံစားခွင့်ရစေရန် အက်ဥပဒေသစ်ရေး ဆွဲထားပြီး လာမည့်ပြည်ထောင်စုလွှတ်တော် ကျင်းပချိန်တွင် အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
 

အဆိုပါဥပဒေတွင် ယခင်ကပြဌာန်းခဲ့သော အက်ဥပဒေကို ပြန်လည်သုံးသပ်၍ နိုင်ငံတကာတွင် ကျင့်သုံးနေ သော လူမှုဖူလုံရေး စီမံကိန်းများကို လေ့လာပြီး ဖြည့်စွက်ပြင်ဆင်ရေးဆွဲထားကြောင်း လူမှုဖူလုံရေးအဖွဲ့ ဥက္ကဌ ဦးယုလွင်အောင်က ပြောသည်။
 
“ အရင်က အက်ဥပဒေမှာဆို သက်ကြီးရွယ်အိုနဲ့ အလုပ်လက်မဲ့တွေကို လူမှုဖူလုံရေး   စရိတ်ထောက်ပံ့တာမျိုး မပါဘူး။ အက်ဥပဒေသစ်မှာ  အဲဒါကို ထည့်သွင်းရေးဆွဲထားတယ်။ ပြည့်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မှာ အတည်ပြုပြီးပြီ။   ပြည်ထောင်စုလွှတ်တော်က အတည်ပြုရင် စီမံကိန်းစတင်ဖို့ပြင်ဆင်တော့မှာပါ” ဟု ၄င်းက ပြောကြားသည်။
 
၁၉၅၆ တွင်ပြဌာန်းခဲ့သော လူမှုဖူလုံရေးအက်ဥပဒေတွင် အာမခံကြေးပေးသွင်းထားသော အလုပ်သမားအမျိုး သမီးတစ်ဦး မီးဖွားသောအခါ မီးဖွားမှုငွေကြေးအကျိုးခံစားခွင့်ရရှိစေပြီး ယခုအက်ဥပဒေသစ်တွင်မူ အာမခံ အလုပ်သမားအမျိုးသားတစ်ဦး၏ မိန်းမဖြစ်သူမီးဖွားသည့်အခါတွင်လည်း ဖခင်တစ်ဦး၏ ရပိုင်ခွင့်အနေဖြင့် မီးဖွားမှုအကျိုးခံစားခွင့် ရရှိစေမည်ဟု ဦးယုလွင်အောင်က ဆက်ပြောသည်။
 
လူမှုဖူလုံရေးအာမခံထည့်ဝင်ငွေအဖြစ် အလုပ်သမားတစ်ဦး၏ လုပ်ခလစာ သတ်မှတ်ချက်၏ ၂.၅ % ကို အလုပ်ရှင်မှ လည်းကောင်း၊     ၁.၅ % ကိုအလုပ်သမားမှလည်းကောင်း ထည့်ဝင်ကြရသည်။
 
ထိုသတ်မှတ်ချက်အရ အများဆုံးထည့်ဝင်ငွေအဖြစ် လစာသုံးသောင်းနှင့်အထက်ရရှိသူ အလုပ်သမားက (၄၆၅)ကျပ် နှင့် အလုပ်ရှင်က (၇၇၅) ကျပ်၊ စုစုပေါင်း (၁၂၄၀)ကျပ်သာ ထည့်ဝင်ရကြောင်းသိရှိရသည်။
 
“ကျွန်တော်တို့စက်ရုံက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးထည့်ဝင်ငွေကို ပုံမှန်ထည့်ဝင်ပေးပါတယ်” ဟု YJ  အထည်ချုပ်စက်ရုံမှ စက်ရုံပိုင်ရှင်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများအား အခမဲ့ဆေးဝါးကုသခွင့်၊ မီးဖွားမှုငွေကြေးအကျိုးခံစားခွင့်၊ မနာမကျန်းမှု အကျိုးခံစားခွင့်နှင့်အသုဘစရိတ်အကျိုးခံစားခွင့်များ ရရှိစေရုံသာမက လုပ်ငန်းခွင် ထိခိုက်မှု ကြောင့် သေဆုံးပါက ကျန်ရစ်သူ မိသားစု ပင်စင်ခံစားခွင့်၊ ယာယီ မသန်စွမ်းမှုအကျိုးခံစားခွင့်၊ အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်များကို   ဆောင်ရွက်ပေး လျက်ရှိသည်။
 
ယခုကျင့်သုံးနေသော လူမှုဖူလုံရေးအက်ဥပဒေကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၌ ထုတ်ပြန်ကြေငြာခဲ့ပြီး ၁၉၅၆ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင်မှ စတင်ကျင့်သုံးအကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။