Tuesday, May 29, 2012

ကြွေးကျန်ရွှေ ပေးသွင်းခြင်းကိစ္စ ပြန်လည် သုံးသပ်စေလို


ရန်ကုန် (မဇ္ဈိမ) ။       ။ သတ်မှတ်ထားသည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ မပေးသွင်းသည့် ရွှေတူးဖော်ရေး ကုမ္ပဏီများအား အမည်ပျက်စာရင်း (black list) သွင်းရန် သတ္တုတွင်း ၀န်ကြီးဌာနမှ အသိပေးမှုအပေါ် ပြန်လည် သုံးသပ်စေလိုကြောင်း ကချင် ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်များက ပြောသည်။
Gold-mining-in-Kachin-State
ရွှေထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးဆောင်ရန်ရှိသည့် ကြွေးကျန်
ရွှေစင်များကို ပေးဆောင်ခြင်းမရှိပါက အမည်ပျက်စာရင်း ကြေညာရန် အမှတ်(၂)သတ္တုတူးဖော်ရေး လုပ်ငန်းက
မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြော်ငြာခဲ့မှုအပေါ် တုန့်ပြန်လိုက်ခြင်းဖြစ် သည်။

“သတ်မှတ်ထားတဲ့ အချိန်ကို တိုးပေးစေချင်တယ်။ ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတဲ့ အခြေအနေတွေကြောင့် မလုပ်နိုင်ခဲ့ကြဘူး။ မနှစ်က တနှစ်လုံး စစ်စဖြစ်တဲ့ ဇွန်မတိုင်ခင် ကတည်းက စစ်ပြင်နေတယ်ဆိုတာ ကြားကြတော့ အလုပ်သမားတွေက ပြန်ကြတယ်။ အလုပ်သမားရဖို့ အခက်အခဲဖြစ်လာလို့ အဲဒီကတည်းက မလုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေလည်း ရှိပါတယ်” ဟု ကချင်ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တဦးက
ပြောသည်။

ကချင်ပြည်နယ်တွင် ဗန်းမော်၊ မန်စီ၊ မြစ်ကြီးနား၊ တနိုင်း၊ ရွှေကူ စသည့် မြို့နယ်များတွင် ရွှေတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်နေကြသည်။

“တခြား တိုင်းနဲ့ ပြည်နယ်တွေကလည်း အသနားခံစာ တင်ကြတယ်လို့ ကြားပါတယ်” ဟု ၎င်းက ဆက်လက်
ပြောဆိုသည်။

ဝန်ကြီးဌာနမှ သတိပေးကြေညာချက် ထုတ်ပြန်ခံရသည့် ကုမ္ပဏီ ၃ဝဝ မှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ရွှေတူးဖော်ရေး လုပ်ငန်းကုမ္ပဏီများဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြသည်။ ကချင်ပြည်နယ်မှ ကုမ္ပဏီပေါင်း ၁၀၄ ခု ပါဝင်သည်။

“ကချင်ပြည်နယ်က ရွှေလုပ်ကွက်တွေမှာ တနှစ်လုံး လုပ်လို့ မရပါဘူး။ မိုးရာသီမှာ ရေလွှမ်းနေတယ်။ စစ်ဖြစ်တော့ လည်း လုပ်လို့မရတော့ဘူး။ စစ်ဖြစ်တဲ့နေရာ မဟုတ်ပေမယ့် အလုပ်သမားတွေက ပြန်ကြလို့ လုပ်ချင်ရင်တောင် အလုပ်သမား မရှိဘူး။ ကြွေးကျန်တွေကို ပြန်စိစစ်ပေးချင်ပါတယ်။ ရက်ကို တိုးပေးစေချင်ပါတယ်။ ဒီလုပ်ငန်းတွေသာ ရပ်သွားရင် အလုပ်လက်မဲ့တွေ များသွားနိုင်တယ်။ ကုမ္ပဏီတခုမှာ အလုပ်သမား ၃၀၊ ၄၀၊ ၅၀ လောက် မှီခိုနေတာ။ ကုမ္ပဏီ ၃၀၀ ဆိုရင် အလုပ်သမားတွေ အများကြီးပါပဲ” ဟု ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် လုပ်ကိုင်နေသည့်
ရွှေထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

သတိပေးခံရသည့် ကုမ္ပဏီများသည် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ရွှေကုမ္ပဏီနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ သဘောတူညီချက်၌ ဧက ၂ဝ မှာ ရွှေလုပ်ကွက် တခုအတွက် တလလျှင် သန့်စင်ပြီးရွှေ ၂ ကျပ်သားနှုန်းဖြင့် တနှစ်အတွက် ရွှေစင်သတ္တု ၂၄ ကျပ်သား နိုင်ငံတော်အစိုးရသို့
ပေးဆောင်ရသည်ဟု ပါရှိသည်။

ထိုကုမ္ပဏီ ၃၀၀ သည် “၂ဝဝ၇- ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေး နှစ်အထိ သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်း ပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှု မရှိခြင်း” ဟု မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။