Thursday, May 17, 2012

ကွန်ကရစ်လမ်းခင်းခြင်း မပြီးသေးသောကြောင့် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးတစ်လျှောက်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်

မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမြင်ကွင်း
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့သော ကွန်ကရစ်လမ်းခင်းခြင်းမှာ ယနေ့အချိန်အထိ ပြီးစီးမှု မရှိသေးခြင်းကြောင့် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း ပြုလုပ်ရာတွင် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော်လည်း လမ်းတစ်ခြမ်းချင်းစီ ဆောင်ရွက်နေခြင်း၊ ညပိုင်းအချိန်များတွင် ဆောင်ရွက်နိုင်သော်လည်း ယာဉ်အသွားအလာ များပြားသည့်အချိန်တွင် ဆောင်ရွက်နေခြင်းနှင့် ခရီးသည်တင်ယာဉ်လိုင်းများမှာ မှတ်တိုင်မဟုတ်သည့်နေရာများတွင် ရပ်တန့်ပြီး ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်ခြင်းတို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ သုဓမ္မာလမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေခြင်းမှာ ကွန်ကရစ်လမ်းခြင်းကို စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီလမှစ၍ ရုံးဆင်းရုံးတက်ချိန်များတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မေ ၁၄ ရက်နေ့တွင် ယခင်ရက်များထက် ပိုမိုအချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ် ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ခရီးသည်များက ဆိုပါသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်း ၈ နာရီ အချိန်ခန့်မှစ၍ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း တံတားအဆင်းမှစ၍ မြောက်ဥက္ကလာပ အ၀ိုင်းအနီးအထိ ယာဉ်ကြောပိတ်ဆို့မှုမှာ နံနက် ၁၁ နာရီကျော်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ 
''အလုပ်ကိစ္စနဲ့ ပခုက္ကူကိုသွားဖို့ တာမွေကနေ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကို ကားငှားတော့ ငါးထောင်တောင် ပေးရတယ်။ တချို့ကားတွေဆို လိုက်တောင်မလိုက်ဘူး။ သွားတော့လည်း သုဓမ္မာလမ်းမကြီးပေါ်မှာ တစ်နာရီလောက်ကြာအောင် စောင့်ခဲ့ရတယ်''ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။

''လမ်းခင်းနေတာလည်း ကြာပါပြီ။  စက်ကိရိယာနဲ့ ၀န်ထမ်းအင်အား မပြည့်စုံဘူးဆိုရင်လည်း အများပြည်သူတွေ သွားလာမှု နည်းတဲ့အချိန်မှာ ခင်းမှပေါ့။ အခုတော့ တကယ့်ကို လူသွားလူလာများတဲ့အချိန်မှ လမ်းခင်းနေတော့ သူတို့လည်း အလုပ်မတွင်ဘူး။ လမ်းသွားလမ်းလာတွေ လည်း မလိုဘဲ အချိန်တွေ ကုန်နေရတယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်လုပ်နေရတော့မယ့်အချိန် မဟုတ်တော့ပါဘူး။ နိုင်ငံတကာမှာ ဘယ်လို လမ်းတွေကို တိုးချဲ့နေတယ်ဆိုတာ  အတုယူသင့်ပါတယ်။ ယာဉ်ကြောကျပ်တာတွေအတွက် သက်ဆိုင်ရာ ယာဉ်ထိန်းတာဝန်ရှိသူတွေအနေနဲ့  ယာဉ်ကြော ကျပ်တဲ့နေရာတွေမှာ လိုအပ်တဲ့ ရှင်းလင်းမှုတွေကို လိုရင် လိုသလို လိုက်လုပ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အခုလိုပဲ ပိတ်ဆို့နေမယ်ဆိုရင် မီးရေးထင်းရေးလို အရေးအကြောင်း ပေါ်လာရင် အားလုံးကုန်မှ မီးသတ်ကား ရောက်နိုင်တော့မှာ''ဟု မြောက် ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

ထိုသို့ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသည့်အတွက် ခရီးသည်များ၊ အလုပ်သမားများနှင့် ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများမှာ အလုပ်ချိန်နောက်ကျနေရသောကြောင့် ကွန်ကရစ် လမ်းခင်းကျင်းမှုကို အမြန်ဆုံးအပြီး သတ်ဆောင်ရွက်ရန် လိုလားနေပြီး ခရီးသည်တင် ယာဉ်လိုင်းများအနေ ဖြင့်လည်း စည်းကမ်းမဲ့ရပ်၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်းကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေး စေလိုကြောင်း ခရီးသွားပြည်သူများက ဆိုပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။