Thursday, May 17, 2012

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား

ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏
 စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
 မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre
Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ
စတင်ကာ သင်ကြားပို့ချပေးပါသည်။

အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း
(၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း
(၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။

CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့
သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့်
 အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။

ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရ
မည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ
 တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း)
တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့်
သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန်
ထပ်ဆင့်ညွှန်ကြားပါသည်။

ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ
 (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂)
ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီ
အထိဖြစ်သည်။

ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/က
ကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။
ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှ
ဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့်
ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှ
ဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။

ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံ
များကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်း
ဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများက
ပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာ
သင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာ
သင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့ 
ဦးတည်ချီတက်ခဲ့ကြသည်။

 မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက
ဝိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးက
ပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင်
(၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။

(ဤပြဿနာ၏ အကျဉ်းချုပ်မှာ-
၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊
၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊
၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအား
မပေးခြင်းတို့ဖြစ်ပါသည်။)

ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော
 ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြား
ပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။
ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါ
သည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့်
စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊
ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊
ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေး
များကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာ
အစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာ
တစ်ဦးက Myanmar News Now ကိုပြောထားပါသည်။

 ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှ
ပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်း
သင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။

Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။