Thursday, May 17, 2012

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအတွက် စုံစမ်းဆဲအဆင့်သာရှိနေသေးကြောင်း လုပ်ငန်းရှင်များသုံးသပ်

မန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀ိုင်းက လာရောက် စုံစမ်းဆဲ အဆင့်သာ ရှိနေသေးကြောင်း၊ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထို့အတွက်ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
 

 “ကျွန်မတို့ နိုင်ငံခြားကရင်းနှီးမြှပ်နှံမှုတွေလာတော့မဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ဘာမှပြင်ဆင်ထားမှုမရှိ သေးပါဘူး၊   သူတို့က အခုမှလာပြီး စုံစမ်းမေးမြန်းကြတာပဲရှိသေးတယ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ မထွက်သေးတော့ သူတို့လည်း ဘာမှလုပ်လို့ မရသေးဘူး”  ဟု Anawa Devi Fishing And General Trading Co.Operative LTD မှ ဥက္ကဌ ဒေါ်တိုးနန္ဒာတင်ကပြောသည်။
 
နိုင်ငံခြားမှရင်းနှီးမြှပ်နှံမှုများမြန်မာနိုင်ငံအတွင်းဝင်ရောက်လာလျှင် ကုမ္ပဏီကြီးများ၊အဖွဲ့အစည်းကြီးများ လာရောက် ကြမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းရှင်အသေးစားလေးများ ကွယ် ပျောက်သွားနိုင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
 
မြန်မာနိုင်ငံတွင် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန်အတွက်   နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေထွက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိပြီး ၄င်းတို့နှင့် ကိုက်ညီမှုရှိသည့် ဥပဒေဖြစ်မှသာ ရင်းနှီးမြှပ်နှံကြလိမ့်မည်   မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဌက ဆိုသည်။
 
 “အခု နိုင်ငံအတော်များများက ဒီမှာရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့လာကြတယ်၊ သူတို့လာရင် ဒီကလုပ်ငန်းတွေ အကြောင်းမေးမြန်း  ကြတယ်၊ ပြီးရင် ပြန်ကြတယ်၊ လေယာဉ်လတ်မှတ်တွေ ရောင်းရတာပဲရှိမယ်၊ နိုင်ငံခြားရင်းနှီး မြှပ်နှံမှုဥပဒေ မရှိတော့   ဘာမှလုပ်လို့မရသေးဘူး” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ဦးနှင်းဦးကပြောသည်။
 
နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံလျှင် လိုအပ်ချက်များအနက် မူဝါဒလိုအပ်ချက်၊ လမ်းပမ်းဆက်သွယ်ရေးနှင့်၊ လျှပ်စစ်မီးလိုအပ်ချက်သည် အရေးကြီးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။
 
နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုများပြုလုပ်လျှင် နိုင်ငံသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်
ဖြစ်ပြီး၊ နိုင်ငံတော်လည်း နိုင်ငံခြားငွေရရှိနိုင်ကာ၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခင် ကထက် စီးပွားရေ အဆင်ပြေနိုင်လာဖွယ်ရှိသည်ဟု လုပ်ငန်းရှင်တို့က သုံးသပ်သည်။
 
“ကျွန်တော်တို့ နိုင်ငံက နိုင်ငံရေးတော့ တိုးတက်လာပါတယ်၊ စီးပွားရေးဘက်တွေလည်း တိုးတက်ဖို့လိုပါသေး
တယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အခြေအနေကို ပြောင်းခြင်ရင် အပေါ်ယံရှပ်ပြီး ပြောင်းလို့မရပါဘူး၊ မြေလှန်ပြီးတော့
ကိုပြောင်းမှရမှာပါ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ -ဥက္ကဌ ဦးနှင်းဦးက ဆက်ပြောသည်။
 
မေလ(၁၅)ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အစည်းအဝေးတွင် ၄င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။