Monday, May 14, 2012

 ဧရာဝတီတံတား (စင်းခန်း)အနီး ကုမ္ပဏီတစ်ခုမှ ဦးဆောင်၍ လှေအများအပြားဖြင့် ရွှေသတ္တုတူးဖော်ခြင်းကို ဆောင်ရွက်နေသဖြင့် တည်ဆဲဥပဒေအရ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေး ဖော်ထုတ်သွားမည်ဟုသိရ



7327
ကချင်ပြည်နယ်အတွင်း စက်ကြီးများ အသုံးပြုပြီးရွှေတူးဖော်နေသော လုပ်ကွက်တစ်ခုအား ဖေဖေါ်ဝါရီလအတွင်းက တွေ့ရစဉ်
ကချင်ပြည်နယ်ရှိ ဧရာဝတီတံတား(စင်းခန်း)အနီး ဧရာဝတီမြစ် အတွင်းတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု မှဦးဆောင်၍ လှေအများအပြားဖြင့်  ရွှေသတ္တုတူးဖော်ခြင်းကို ဆောင်ရွက်နေသဖြင့် တရားမ၀င် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များအား တည်ဆဲ ဥပဒေအရ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကွင်းဆင်းစစ်ဆေး ဖော်ထုတ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်၍ ကချင်ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဌာန ၀န်ကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့မှ တာဝန်ရှိသူ တို့ပါဝင်သည့် ကွင်းဆင်းစစ်ဆေး ဖော်ထုတ်အရေးယူရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ဧရာဝတီတံတား(စင်းခန်း)၏ အထက်ဘက်နှစ်မိုင်ခန့် အကွာရှိ နတ်ခုတ်ရွာအနီး ဧရာဝတီမြစ်အတွင်း --- Co;Ltd မှ ဦးဆောင်၍ လှေအများအပြားဖြင့် ရွှေသတ္တုတူးဖော်ခြင်းများ ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် မြစ်ကြောင်းအတွင်း သဲနှုန်းများပို့ချပြီး ရေကြောင်းပြောင်းလဲခြင်း၊ သောင်ထွန်းခြင်းတို့ ဖြစ်ပေါ်စေကာ ရေကြောင်း ခရီးသွားလာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ဧရာဝတီမြစ်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးစေနိုင်ကြောင်း သိရသည်။
ထိုသို့ ပျက်စီးထိခိုက်စေနိုင်သော တရားမ၀င်ရွှေတူးဖော် လုပ်ကိုင်နေသူများအား ကွင်းဆင်းစစ်ဆေး ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်ပြည်ထောင်စုအစိုးရအဖွဲ့ မှ အမိန့်ကြော်ငြာစာအမှတ် (၁၉/ ၂၀၁၂) ထုတ်ပြန်ကာ ကွင်းဆင်းစစ်ဆေးဖော်ထုတ် အရေးယူရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့်စစ်တောင်းမြစ်ကြီး လေးသွယ်၏ သဘာဝပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် အဆိုပါမြစ်ကြီး လေးသွယ်၏ မြစ်ကြောင်းအတွင်းနှင့် မြစ်ကမ်းစပ်မှ ပေ ၃၀၀ အတွင်းမြေ ထုမှတူးဖော်၍သော် လည်းကောင်း၊ အခြားနည်းဖြင့် သော်လည်းကောင်း မြန်မာ့သတ္တုတွင်း ဥပဒေနှင့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေပါကျောက် မျက်ရတနာ၊ သတ္တု၊ စက်မှုတွင်း ထွက်ကုန်ကြမ်းပစ္စည်းနှင့်ကျောက် စသည့် ဓာတ်သတ္တုများအား ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အမိန့်ထုတ်ပြန်သည့်နေ့မှ နောက်ထပ်အမိန့် တစ်စုံတစ်ရာဖြင့်ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း မပြုသရွေ့မပြုလုပ်ရန် သတ္တုတွင်းဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။