Monday, May 14, 2012

 ပန်းလှိုင်မြစ်ကောလာပြီး ရန်ကုန်မြစ်နှင့်ဆုံရာနေရာတွင် မြစ်လယ်ထိ သွားရောက် ရေကစားသူများပင်ရှိ


နုန်းပို့ချမှု ပိုမိုများပြားလာသောကြောင့် ပန်းလှိုင်မြစ်ကောလာပြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနီး ရန်ကုန်မြစ်နှင့်ဆုံရာ နေရာတွင် ကလေး၊ လူကြီးများ မြစ်အတွင်းသို့ ဆင်း၍ ရေကစားသူများရှိကြောင်း သိရသည်။

အထူးသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီမှ ၃ နာရီအတွင်း ရေကျချိန်များတွင် မြစ်အလယ်အထိသို့ ရေမကူးတတ်သူများပင် သွားရောက် ရေကစားကြကြောင်း၊ မြစ်ရေမှာ မြစ်ကြမ်းပြင် အထက်ငါးပေကျော်ကျော်သာ ရှိတော့ပြီး နုန်းများမှာ နှစ်ပေကျော်ရှိကြောင်း မြစ်အတွင်းသို့ သွားရောက် ရေကစားသူများက ပြောပါသည်။

''ရေထဲဆင်းပြီး လက်နှိုက်လိုက်ရင် တစ်ချို့နေရာတွေမှာ ခေါင်းမမြုပ်ဘဲ နုန်းတွေစမ်းလို့ရတယ်''ဟု အေးရွာကျေးရွာနေ ဦးအောင်သန်းက ပြောပါသည်။

ထိုသို့ ရေကစားကြသူများတွင်  အေးရွာအပါအ၀င် အနီးအနားရွာများမှသူများပါ လာရောက်ဆော့ကစားကြကြောင်း၊ ရေကျချိန်တွင် အန္တရာယ်မဖြစ်နိုင်သော်လည်း ရုတ်တရက်မြစ်ရေတက်လာပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဒေသခံများက ဆိုပါသည်။

ထို့အပြင် ပန်းလှိုင်မြစ်မှာ လှိုင်သာယာ- တွံတေးတံတားအနီး အချို့နေရာများတွင် လုံးဝရေမရှိတော့ဘဲ နုန်းများဖြင့် သောင်များထွန်းကာ လမ်းလျောက်ဖြတ်ကူး၍ ရလောက်အောင်ပင် ဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ပန်းလှိုင်မြစ်အထက်ပိုင်းရှိ ကျေးရွာများမှာ ရေလမ်းကြောင်းကို အဓိက အားထားနေရသော ရွာများဖြစ်ပြီး  ထိုသို့ ပန်းလှိုင်မြစ် တိမ်ကောလာမှုနှင့်အတူ ရေကျချိန်များတွင် စက်လှေသမ္ဗာန်များ သွားလာရန် မဖြစ်နိုင်သောကြောင့် မြစ်အောက်ပိုင်းရွာများသို့ ပြောင်းရွှေ့နေထိုင် လုပ်ကိုင်သူများပင် ရှိလာကြောင်းလည်း သိရသည်။

''ဒီမှာနေလာတာ အနှစ် ၆၀ ကျော်ပြီ။ ဒီလိုမကြုံဖူးဘူး။ ပန်းလှိုင်မြစ်ကြီး ပျောက်တော့မယ်''ဟု အေးရွာနေ အသက် ၇၀ နှစ်အရွယ်ရှိသူ တစ်ဦးက ပြောပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။