Monday, May 14, 2012

 ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာသင် ကျောင်းများတွင် ကွန်ပျူတာ ဘာသာရပ်အား တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးရန် စီစဉ်နေ

အခြေခံ ပညာသင်ကျောင်းများတွင် ကွန်ပျူတာ ဘာသာရပ်အား တွဲဖက်သင်ရိုးအဖြစ် စတင်သင်ကြား ပေးရန်စီစဉ်သည့် အနေဖြင့် ဆရာ၊ ဆရာမများအား ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ လေးပတ်ကြာသင်တန်း ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းမြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိအခြေခံပညာကျောင်းပေါင်း ၈၀၀ မှ ဆရာ၊ ဆရာမများတက် ရောက်သင်ယူလျက်ရှိသည်ဟုသိရ သည်။

“e-Yangon စီမံကိန်းအောက် က ကွန်ပျူတာ မတတ်သူ ပပျောက်ရေး စီမံကိန်းအရ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနဲ့ ကွန်ပျူတာပညာရှင်များအသင်းတို့ ပူးပေါင်းပြီး ဒီသင်တန်းကို စီစဉ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ ပထမဆုံးစီစဉ် ခြင်းဖြစ်ပါတယ်။ အမြဲတမ်း စီစဉ်ဖို့ ဆိုတာကျတော့ ကျွန်တော်တို့ချည်းပဲ မလုံလောက်ပါဘူး။ ပံ့ပိုးကူညီမယ့် အခြားအဖွဲ့အစည်းတွေ လိုပါတယ်။ အခုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက အများကြီး အကူအညီပေးပါတယ်။ တစ်ကျောင်းကို တစ်ယောက်နှုန်းနဲ့ ကျောင်းပေါင်း ၈၀၀ က ဆရာ၊ ဆရာမပေါင်း ၈၀၀ ကို တစ်နေရာတည်းမှာ သင်ပေးဖို့ဆိုတာ မလွယ်ပါဘူး” ဟုကွန်ပျူတာပညာရှင်အသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သင်ကြားမှုပုံစံအနေဖြင့် အသုံးများသော Microsoft  အပေါ် အခြေခံ၍ကွန်ပျူတာနှင့် မရင်းနှီးသူများကိုပါ လွယ်ကူမြန်ဆန်စွာ တတ်မြောက်သွားနိုင်မည့် သင်ရိုးစာအုပ်ဖြင့် သင်ကြားမှုပေးကြောင်း သိရသည်။
“သင်ကြားမှုအနေနဲ့ကတော့ ကျွန်တော်တို့တွေ ကွန်ပျူတာနဲ့လုံးဝ အစိမ်းသက်သက် ဖြစ်နေတဲ့သူတွေကိုပါ အဆင်ပြေအောင် သင်ရိုးညွှန်းတမ်း ကို စီစဉ်ထားပါတယ်။ အပြင်သင်တန်းတွေလို Chapter  နဲ့ မသင်ဘဲ လေ့ကျင့်ခန်းကို ဦးတည်သွားတဲ့ ပုံစံမျိုး နဲ့ Episode လေးတွေခွဲပြီး သင်ကြား ပေးပါတယ်။ Episode တစ်ခုပြီးရင် လေ့ကျင့်ခန်း ချက်ချင်းပြန်လုပ်တဲ့ပုံစံ မျိုးဖြစ်ပါတယ်။ အင်တာနက် အသုံးပြုနည်းကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နောက်ပိုင်းဆရာ၊ ဆရာမတွေအနေ နဲ့သင်ကြားရေးနဲ့ ပတ်သက်တာတွေ ကို အင်တာနက်မှာ ရှာပြီးကလေးတွေ ကိုပြန်သင်ကြားနိုင်အောင်ဖြစ်ပါတယ်။ တကယ်တမ်း သင်ကြားတဲ့အခါမှာလည်း အရှေ့က ဆရာတစ်ယောက်က သင်ပြီး အနောက်မှာလည်း သင်တန်းသားသုံးယောက်ကို ကြီးကြပ်သူ တစ်ယောက်နှုန်းနဲ့ သင်ကြားပေးပါတယ်။ အခုသင်တဲ့သင်ရိုးတွေကို လေ့လာချင်တယ်ဆိုရင်လည်း ထုတ်ဝေသွားဖို့ ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၌ ဧပြီလ ၂၅ ရက်နေ့မှစ၍ သင်ကြားပေးလျက်ရှိပြီး ဆရာဆရာမပေါင်း ၈၀၀ ခန့် တက်ရောက်လျက် ရှိကြောင်း သိရသည်။ ယင်းသင်တန်းများကို ပညာသင်ကြားသူဦးရေ တစ်သန်းခန့်ရှိသော ရန်ကုန်မြို့၌သာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။           

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။