Tuesday, May 1, 2012

ရခိုင်ပြည်နယ်က ကျွဲ/နွားအခိုးခံရသူများအား သက်သက်ညှာညှာစစ်ဆေးမေးမြန်းစေလို

 
ရခိုင်ပြည်နယ်က ကျွဲ/နွားအခိုးခံရသူများအား သက်သက်ညှာညှာစစ်ဆေးမေးမြန်းစေလို



ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် အနောက်တောင်ဘက်မယူကမ်းခြေတစ်လျှောက်တွင် ကျွဲ/နွား အခိုးခံရမှု များအား တိုင်ကြားရာ ရဲစခန်းများက ဒေသခံများအား ဟိန်းဟောက်မေးမြန်းစစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
“ နွားအခိုးခံရတဲ့ ဦးနေမြင့်ဦးက  အငူမော်ရဲစခန်းသို့ တိုင်တဲ့အခါ တာဝန်ရှိတဲ့သူတွေက သူ့ကို ဟိန်းဟောက်ပြီး မေးမြန်းစစ်ဆေးတယ်၊ အဲလိုမျိုးတွေရှိလာတဲ့အတွက် လူတွေလဲ ကြောက်ကြတာပေါ့ တိုင်မဲ့သူလဲ နည်းသွား တာပေါ့၊ ဒီပြဿနာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရော လွှတ်တော် အမတ်တွေကပါ ဖြေရှင်းပေးစေချင်ပါတယ်၊ ဒီအတိုင်းသာဆိုရင် ကျနော်တို့ရဲ့ ထွန်နွားတွေ အတွက် စိုးရိမ်ရတာပေါ့’’ဟု လယ်သမားတစ်ဦးက ပြောဆိုခဲ့သည်။
 
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် အနောက်တောင်ဘက်မယူကမ်းခြေတစ်လျှောက်တွင် ကျွဲ/နွားဆက်တိုက် အခိုးခံရမှုများရှိ လာကြောင်း ဒေသခံများကဆိုသည်။
 
မယူကမ်းခြေ ဆင်ပိုက်ကျေးရွာတွင် မတ်လ(၂၀)ရက်နေ့ ညဉ့် ၂ နာရီ အချိန် ဦးလှစံကျော် ၏ နေအိမ်ခြံဝင်း၌ ချည်နှောင်ထားသည့်  ထွန်နွား(၅)ကောင် အခိုးခံရပြီး  ဦးကျော်ထွန်းလှိုင်အိမ်မှ နွား(၂)ကောင်၊ ဦးသန်းဖေကြီး ထံမှ(၁)ကောင်နှင့်ဦးသန်းထွန်းထံ က(၁)ကောင်   စသဖြင့် အခိုးခံခဲ့ရကြောင်း ဆင်ပိုက်ကျေးရွာသားတစ်ဦးက ပြောသည်။
 
“ အဲဒီနေ့ဆိုရင် အခိုးခံရတာ နွား(၉)ကောင်ပါသွားတယ်၊ ခိုးတာကညဉ့် ၂ နာရီကျော်လောက်မှာ ခိုးတာ ၊ ဘယ်သူဘယ်ဝါခိုးတယ် ဆိုတာ မမိလိုက်ဘူး၊ ကျွဲနွားအခိုးခံရတာကို အငူမော်ရဲစခန်းကို  တိုင်ကြားထား ပါတယ်၊ဒါပေမယ့်သူတို့ကလည်း အဲလောက်   ဖြေရှင်းပေးမှု မရှိဘူး၊ မရှိလို့လဲ ကျွဲ နွားတွေဆက်တိုက် အခိုးခံ နေရတာပေါ့’’ဟု အဆိုပါရွာသားကပြောသည်။
 
အဆိုပါ ဒေသများတွင် ကျွဲ နွားအခိုးခံရမှုမှာအမြဲတမ်း ကြုံတွေ့နေကြရာ  ကျွဲ/နွားပိုင်ရှင်များမှာ မိမိတို့၏ ကျွဲ နွားများ အခိုးခံရမည်ကို စိုးရိမ်နေကြရကြောင်း လယ်သမားများကပြောဆိုကြသည်။
 
“ မနှစ်က ကျနော်တို့ဒေသ အောင်မကျေးရွာမှာလည်း  နွားအခိုးခံရမှု အမှုတစ်ခုဖြစ်ပွားခဲ့တယ်၊   ဖြစ်တာက  နွားခိုး နေတာကို ပိုင်ရှင်က မြင်တွေ့သွားတော့ နွားခိုးတဲ့သူက နွားပိုင်ရှင်ကို ခြံတိုင်နဲ့ထိုးသတ်ခဲ့တယ်၊ အဲဒီမှာ နွားပိုင် ရှင်လဲ ပွဲရှင်းပြီးသေသွားတယ်’’ဟု နယ်ခံသားတစ်ဦးက ရှင်းပြသည်။
 
ထို့အပြင် ပေါက်တောပြင်၊ ချိန်ခါလိန်ကျေးရွာ ၊ ကုန်တန်းကျေးရွာတို့တွင်လည်း မကြာခဏနွားများ အခိုးခံ နေရသည်။
 
ယမန်နှစ်ကာလများကလည်း  ဒုံးပိုက်ကျေးရွာ၊ အောင်မကျေးရွာ၊ ချိန်ခါလိန်ကျေးရွာ စသည့် ကျေးရွာအများ အပြားတွင် နွားများ အခိုးခံခဲ့ရကြောင်း သိရသည်။ အလားတူ ကျောက်တော်မြို့နယ်တွင်လည်း ယင်းသို့ ကျွဲ နွားများ အခိုးခံခဲ့ရသည်။
မိုးဝေ- မြစ်မခ(ရခိုင်ပြည်နယ်)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။