Tuesday, May 1, 2012

ချယ်ရီဝက်ဂွန်ကြောင့် မူလတက္ကစီသမားများ ၀င်ငွေ ၃၀% လျော့ကျလာ

ချယ်ရီဝက်ဂွန်ကြောင့် မူလတက္ကစီသမားများ ၀င်ငွေ ၃၀% လျော့ကျလာ



ရန်ကုန်မြို့တွင်း၌ လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ ပြေးဆွဲလျက်ရှိသော တက္ကစီသမားများမှ  ယခင်နှစ်များကထက် ငွေကြေးရရှိမှု ၃၀% နှုန်းဝန်းကျင် လျော့ကျလာကြောင်း တက္ကစီသမားများထံက သိရှိရသည်။ထိုကဲ့သို့ လျော့ကျလာရခြင်းမှာ ချယ်ရီဝက်ဂွန်ကားများကို တက္ကစီယာဉ်အဖြစ်လျှောက်ထား၍ ရန်ကုန်မြို့တွင်း ၌ ပြေးဆွဲ လာခြင်းကြောင့် ဖြစ်သည်။
 တက္ကစီသမားများမှာ ယခင်က တစ်ရက်လျှင် ကျပ် ၄၀၀၀၀ ခန့်ရရှိ၍ အုံနာကြေးနှင့်ဆီဖိုးနှုတ်လျှင် တစ်ရက် လျှင် ကျပ်တစ်သောင်းခွဲခန့်ကျန်ရှိကြောင်းနှင့် ယခုအချိန်တွင်မူ ကျပ် ၃၀၀၀၀ ခန့်သာရရှိပြီး ၄င်းတို့အတွက် တစ်ရက်လျင် ကျပ် တစ်သောင်းဝန်းကျင်သာ ကျန်ရှိတော့ကြောင်း ၄င်းတို့ထံက သိရသည်။


“ကားငှားတဲ့လူတွေက အကိုတို့ကားတွေကဟောင်းနေတော့သိပ်မငှားခြင်ကြဘူး။ ချယ်ရီဝက်ဂွန်လေးတွေက
အသစ်ကလေးတွေဆိုတော့ အဲ့ဒီကားတွေကို ငှားတာများတယ်။ ပြီးတော့ ချယ်ရီက ဆီစားလည်းသက်သာ တော့ သူတို့က အကိုတို့ထက်ဈေးလျော့ပြီး လိုက်နိုင်တယ်။” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တက္ကစီ သမားတစ်ဦးကပြောသည်။

၂၀၁၂ ခုနှစ်သင်္ကြန်သည် ယခင်နှစ်များထက် စည်ကားသော်လည်း ၂၀၁၁ သင်္ကြန်တွင်းလောက် ပိုက်ဆံများ များ မရခဲ့ကြောင်း အဆိုပါ တက္ကစီသမားကပြောသည်။


ချယ်ရီဝက်ဂွန်ကားများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ အစီးရေ (၁၀၀၀) ခန့် တင်သွင်းခဲ့သလို၊ ၂၀၁၂ ဖေဖော်ဝါရီလတွင် အစီးရေ (၈၀၀) ခန့် တရုတ်နိုင်ငံက တင်သွင်းခဲ့ခြင်းဖြစ်သည်။


“အကိုလည်း အရင်က သူများကား ငှားမောင်းတာပါ၊ ချယ်ရီဝက်ဂွန်လေးတွေလာတော့ ဟိုစုဒီစုနဲ့တစ်စီးဝယ်လိုက်တယ်။   ကိုယ်ပိုင်ကားဆိုတော့ ဆီဖိုးနှုတ်ရင် ကျန်တာက ကိုယ့်ပိုက်ဆံတွေ ဖြစ်သွားတာပေါ့။” ဟု ချယ်ရီဝက်ဂွန်ကားအား တက္ကစီအဖြစ်ဆွဲနေသူတစ်ဦးက ပြောသည်။


တက္ကစီဆွဲသူများမှာ တစ်ရက်လျှင် အုံနာကြေး ကျပ်၁၅၀၀၀ ၊ ၁၆၀၀၀ ပေးရပြီး ဆီဖြင့်မောင်းသောကားများမှာ
တစ်ရက်လျှင် ကျပ် (၇၀၀၀) ၀န်းကျင်ခန့်ဆီိဖိုးကုန်ကျသလို၊ ဂတ်စ်ဖြင့်မောင်းသောကားများမှာ တစ်ရက်လျှင် ကျပ် ၃၅၀၀ ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရှိရသည်။
 
အဆိုပါ ချယ်ရီဝက်ဂွန်ကားများမှာ  ဆီစားသက်သာသည့်အတွက် အခြားတက္ကစီများနှင့်ယှဉ်ပါက ဈေးလျော့၍ ပိုမိုပြေးဆွဲပေးနိုင်ကြောင်းကိုလည်း ခရီသည်များထံက သိရှိရသည်။


ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။