Tuesday, May 1, 2012

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည်



 
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီက ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအား မေလပထမအပတ်အ တွင်း တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးထံက သိရသည်။
 
 “မေလပထမအပတ်မှာ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့ရှိပါတယ်၊ နေရာကတော့ စစ်တွေ ဖြစ်နိုင်ခြေ များပါတယ်’’ ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
 
ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏမပြည်နယ်အဆင့်ရှိ အပစ်ခတ်ရပ် ဆိုင်းရေးကို   ဆွေးနွေးခဲ့ပြီးနောက်ယခုပြည်ထောင်စုအဆင့်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
 
ယင်းသို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီက အချက် (၁၇)ချက်ကို တင်သွင်းဆွေးနွေးမည်ဟု မတ်လ (၅)ရက်နေ့က  ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် တက်ရောက် လာသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်အား မြစ်မခမီဒီယာနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
 
“ပြည်ထောင်စုအဆင့်ဆွေးနွေးတဲ့အခါ နိုင်ငံရေးကိစ္စတွေ ပါလာပါမယ်၊ ပြည်ထောင်စုအဆင့်မှာ ကျနော်တို့ ပါတီမှ  ဆွေးနွေးဖို့အတွက်   ပြင်ဆင်ထားတဲ့ တောင်းဆိုမှုအချက်(၁၇) ချက်ရှိပါတယ်။ ဒါပေမယ့်လို့ ပြည်နယ် အဆင့်ဆွေးနွေးမှုမှာ(၁၇)ချက်ထဲက တစ်ချို့ အဆင်ပြေသွားပါပြီ၊’’ ဟု ဦးခိုင်စိုနိုင်အောင်က ပြောသည်။
 
ထိုအထဲတွင်  ရခိုင်ပြည်သူလယ်သမားများထံမှ မတရားသိမ်းယူထားသည့် လယ်ယာဥယာဉ်ခြံမြေ များအား ပြန်ပေးရန် အချက်များ ပါဝင်သည့် အပြင်ရခိုင်ပြည်နယ်ရှိ ချောင်းမြောင်းများအား ပြည်နယ်အစိုးရမှ လေလံ တင်ရောင်းချပြီး ရေလုပ်ငန်း ကန့်သတ်လုပ်ကိုင်နေသည့် စနစ်အား ဖျက်သိမ်းပေးရန်စသည့်အချက်များကို ပြည်ထောင့်အဆင့်တွင် ဆွေးနွေးမည်ဟု ၄င်းကပြောသည်။
 
ပြည်ထောင်စုအဆင့်ငြိမ်းရေးဆွေးရေးအဖွဲ့သည် ကေအိုင်အို၊ကေအိုင်အေ၊ ကေအင်န်ယူအပါအဝင် အခြား လက်နက်ကိုင်အဖွဲ့ တစ်ချို့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးဖြစ်သည်။


မိုးဝေ မြစ်မခ(ရခိုင်ပြည်နယ်)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။