Tuesday, May 1, 2012

ပညာရေးလား၊ စီးပွာရေးလား

အထက်တန်းကျောင်းအုပ်ကြီး ဒေါက်တာတွေတော်လိုက်ပုံများ
၁။         23-4-2012 (တနင်္လာနေ့) ည (၈း၀၀) နာရီ ရုပ်မြင်သံကြားသတင်းတစ်ခုမှာ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်း (ဒေါက်ချာချမ်း) ကို စာစစ်ဥပေဒနှင့် ပတ်သက်ပြီး တင်ပြနေတာမြင်ရတော့။ ဒီလူတွေ (အချို့အပေါင်းပါ) လွှတ်တော်အရှေ့မှာ နေရာပေးတာ ယခင်ကြိုးနီစနစ်က ဘယ်ညာလွှဲပြီးဆက်ပြီး ရှင်သန်နေရာ ရောက်တယ်။ ဒေါက်ချမ်း (အခြေခံပညာဆရာ၊ ဆရာမများ အခေါ်) ပညာရေးဝန်ကြီးတာဝန်ယူစဉ်ကာလတလျှော က် အခြေခံပညာကို ကောင်းကောင်းကြီးဖျက်ဆီးသွားတဲ့နံပါတ် (၁) တရားခံပါ။ ဥပမာတစ်ခုကိုပဲ ပြောပါရစေ ဒေါက်တာဘွဲ့ရတာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို အထက်တန်းကျောင်းအုပ်ရာထူးခန့်ထား တာဟာ အခြေခံပညာကို ဖျက်စီးလိုက်တာဘဲ။ ပညာရေးသဘောတရားနားမလည်တဲ့လုပ်ရပ်ဖြစ်တယ်။ တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရ တယ်ဆိုတာ သူ့ရဲ့ဘာသာရပ်မှာ အထူးကျွမ်းကျင်တာ (Professional) လို့ထင်ပါတယ်။ [ဒေါက်တာ တွေအသိဆုံးပါ ကျွမ်းကျင်လား၊ တတ်လားမတတ်ဘူးလားဆိုတာ] အဲဒီလိုဘာသာရပ်တစ်ခုကို ကျွမ်းကျင်တာနဲ့ အထက်တန်းကျောင်းအုပ်တာဝန်ပေးတာဟာ တခြား ဆီပါ။ အထက်တန်းကျောင်းအုပ်ဆိုတာ ကျောင်းတစ်ကျောင်းကို စီမံရတယ်၊ အုပ်ချုပ်ရတယ်၊ သင်ကြားရတယ်၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကို မောင်နှမလို၊ မိသားစုလို၊ ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင် အကြံဉာဏ်ယူရတယ်၊ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များအတွက် စံပြနမူနာပြုရတယ်၊ ဆရာဂုဏ်၊ သမားဂုဏ်၊ နာယဂုဏ်(၆) ပါးနဲ့ညီညွှတ်ရတယ်။ အသက်အရွယ်၊ လုပ်သက်အတွေ့ အကြုံ၊ ပညာကြီးရတယ်။ ဒါမှတာ အထက်တန်းကျောင်း တစ်ကျောင်းကို တိုးတက်အောင်၊ စည်းကမ်းရှိအောင် ဦးဆောင်ရင်း လိမ္မာတဲ့၊ တော်တဲ့၊ ထူးချွန်ထက်မြက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လုပ်ဖော် ကိုင်ဖက်ဆရာ၊ ဆရာမများနဲ့အတူ မွေးထုတ်နိုင်မှာဖြစ်ပါတယ်။
            အခုတော့ကြည့်ပါဦး ဒေါက်ချမ်းလုပ်ခဲ့တာက သူလိုဒေါက်တာဘွဲ့ရတွေ သူ့ကိုယှဉ်မှာစိုးလို့ တက္ကသိုလ်မှာ မထားတော့ဘူး အခြေခံကျောင်းတွေကို ပို့ခဲ့တယ်။ ဒေါက်တာဆိုတဲ့(အထက်တန်းကျောင်းအုပ်လုပ်နေသူများ) လူတွေကလည်း ကိုယ့်ပညာကိုယ်မှ တန်ဖိုးမထား၊ ပညာမာနမရှိ(အရှက်မရှိ) ကိုယ့်ဌာန (မိမိMajor-ဥပမာ မြန်မာစာ ဌာန)၊ မိမိတက္ကသိုလ်တို့ကို သစ္စာဖောက်ပြီး အထက်တန်းကျောင်းအုပ်နေရာကို စီးပွားရေးတစ်ခုလို အသုံးချပြီး ၀န်ကြီးဆီအတင်းကပ်ဖား၊ မရ/ ရအောင်သိန်းဆယ်ချီကန်တော့ တဲ့သူတွေ အခုတော့ ဒေါက်ချမ်းက အခြေခံပညာကို ကောင်းကောင်းကြီး အမွေဆိုးပေးခဲ့တယ်။
            ဒေါက်တာတွေဆိုတာ လူကလည်းမလောက်လေးမလောက်စား၊ အသက်ကလည်းငယ်၊ မဟုတ်တဲ့ပညာ မာနကလည်းရှိ၊ ဒေါက်တာဆိုကို ပါးစပ်ကမချဘူး။ အခြေခံပညာသဘောတရားလည်းနားမလည်။ ဆရာလုပ်သက် ၊ ပညာရေးလုပ်သက် ၊ အခြေခံပညာ ဆရာ၊ ဆရာမအတွေ့အကြုံလုံးဝမရှိဆိုတော့ အထက်တန်းကျောင်း တစ်ကျောင်းကို ဘယ်လိုစပြီး ကိုင်တွယ်ရမယ် ဆိုတာ နည်းမလည်ဘူး။ သူတို့သိတဲ့ စီးပွားရေး(ငွေ) တစ်ခုတည်း ဘယ်လိုရအောင်လုပ်မယ်ဆိုတာကို နည်းမျိုးစုံ မတရား(လောဘကြီးစွာ) နဲ့နေ့တစ်ဓူဝကြိုးစားကြတယ်။ လက်တွေ့လေ့လာကြည့်ကြပါ မြန်မာတစ်နိုင်ငံလုံးမှာ ဒေါက်တာတွေကုပ်စုပ်တဲ့အခြေခံပညာ အထက်တန်းကျောင်းတွေ ဘယ်လောက်တိုးတက်လာသလဲ ဆိုတာလက်ချိုးရေပြီးစစ်တမ်းကောက်ကြည့်ကြပါ။ ဒါတောင် ဒေါက်ချမ်းက သူ့ရဲ့လူတွေကို ကောင်းတဲ့အထက်တန်းကျောင်းတွေကိုပဲ ရွေးပြီးပေးခဲ့တာ။ ရန်ကုန်မှာဘဲကြည့်ကြည့်၊ မန္တလေးမှာဘဲ ကြည့်ကြည့် ဒေါက်တာတွေကျောင်းက ဆရာ၊ ဆရာမတွေစိတ်ဆင်းရဲမှုပေါင်းများစွာနဲ့ အလုပ်လုပ်နေရတယ်။
            ဒေါက်ချမ်း(ဒေါက်ချာကြီး) က မတရားတာမှလွန်ရော သူရဲ့ဒေါက်တာတွေကို အခြေခံကသူ့အဆင့်လိုက် တက်လာတဲ့ ကျောင်းအုပ်ကြီးတွေထက် လစာ ပိုပေးထားတယ်။ ဒေါက်ချမ်းမြှောက်စားတော့ လူပါးဝလိုက်တာမှ လွန်ပါလေရော၊ ဒေါက်တာတွေ ကျောင်းအုပ်အချင်းချင်းမပြောနဲ့ သူတို့အထက်က မြို့နယ်ပညာရေးမှူးတွေ၊ တိုင်းဒေသကြီးပညာရေးမှူး/ပြည်နယ်ပညာရေးမှူးတွေ ကိုတောင် လူမထင်ဘူး။ ထစ်ကနဲဆို ၀န်ကြီးဆီဖုန်းဆက်လိုက် မယ်နဲ့အမြဲချိမ်းခြေက်ပြီး ရတဲ့အခွင့်အရေးအကုန်ယူတယ်။
            ဒေါက်တာကျောင်းအုပ်တွေလည်းတော်တော်လေးချမ်းသာသွားကြပါပြီ။ နောက်ဆုံးပေါ်ကားအမျိုးမျိုး (၃-၄) စီးနဲ့၊ အိမ်တွေ၊ ခြံတွေ၊ မြေကွက်တွေ၊ ရွှေတွေနဲ့ သူဋ္ဌေးဖြစ်ကုန်ပါပြီ။ ဒီဖက်မှာလည်း  ကျောင်းသူ၊ ကျောုင်းသားတွေ အကျင့်ပျက်၊ စာရိတ္တယိုးယွင်း၊ စာခိုးတတ်တဲ့ အချောင်သမားလေးတွေ၊ ကျောင်းပြေးတဲ့ ဝေလေလေလူငယ်တွေ တိုးပွားလာပါပြီ အနာဂတ်အတွက် ရတနာဆိုး တွေ များများထွက်လာပါပြီ။
            ဒေါက်တာတွေကို ပိုပြီးချမ်းသာစေတဲ့ အဓိက အချက်တစ်ချက် ရှိပါသေးတယ် အဲဒါက ရန်ကုန်၊ မန္တလေးမှာ ခေတ်စားတဲ့ Day, Night, ဘော်ဒါ၊ ကျူရှင်တွေ၊ Private School တွေ [သီးခြားဖော်ပြ၊ ရေးသားပါဦးမည်] ပါ။
            ဒေါက်တာတွေရဲ့ဆက်ဆံရေးကတော့ အသက်ငယ်ပြီး လုပ်ငန်းအတွေ့အကြုံမရှိတော့၊ ဆရာ၊ ဆရာမတွေကို သူတို့အိမ်က အခိုင်းအစေအတိုင်းဘဲ ၊ မောက်မောက်မာမာဆက်ဆံတယ်၊ မတူမတန် ငါကျောင်းအုပ်ပဲ ဆိုပြီး ပညာပြတယ်။ မလိုအပ်တာတွေကို ချဲ့ပြီး ခိုင်းတယ်၊ အစည်းအဝေးတွေကို အချိန်ကြာမြှင့်စွာ လိုရင်းမရောက်နိုင် ဘဲ ညနေကျောင်းဆင်းကနေ ညနေ(၅/ ၆) နာရီအထိလုပ်တယ်။ ကျောင်းဆင်းပြီးလည်း မပြန်ခိုင်းသေးဘဲ လက်မှတ် ထိုးစာအုပ်ကို သိမ်းထားတယ်။ နောက်ကျမှ ပြန်ခိုင်းတယ်။ ငါကျောင်းအုပ်ပြန်မပြောနဲ့၊ ငါကျောင်းအုပ်ငါခိုင်းတာလုပ် ၊ ငါကျောင်းအုပ်ငါပြောတာလုပ်။ အာဏာရှင်စနစ်နဲ့ကျောင်းတွေကို အုပ်ချုပ်နေကြတာ။ ဒီကြားထဲရှုပ်ရှုပ်ရှက်ရှက်တွေ ကပါလာသေးတယ်မဟုတ်လား
            ပြောရရင်တော့ အခြေခံပညာအထက်တန်းကျောင်းတွေ ဒေါက်တာကျောင်းအုပ်တွေကြောင့် လုံးဝ ဥဿုန် ပျက်စီးသွားပါပြီ။ ဒေါက်တာချမ်းငြိမ်းလည်းနားလိုက်ပါတော့ လွှတ်တော်ကနေ နှုတ်ထွက်လိုက်ပါ၊ ပညာရေးကော်မတီ ကတော့နှုတ်ထွက်လိုက်ပါ။
ကိန်းဂဏာန်းနဲ့ပြီးတော့မှာလား
[မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်အဆိုကို လွှတ်တော်အတည်ပြု အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက နိုင်ငံတကာပညာသင်ဆုများဖြင့် (၂၅၈၆) ဦးတို့အား ပြည်ပသို့စေလွှတ်ခဲ့ပြီး နှစ်စဉ်တိုးချဲ့စေလွှတ်လျက်ရှိကြောင်း] သစ်ထူးလွင်မှ ပြန်လည်ကောက်နုတ်ချက်
            ပြည်ပကို ပညာတော်သင်တွေ နှစ်စဉ်တိုးချဲ့စေလွှတ်တယ်လို့ ကိန်းဂဏာန်းကြီးကြီးနဲ့ လွှတ်တော်မှာ ဒုဝန်ကြီးဦးအေးကြူက ပြောနေပေမယ့် ပညာရေးကတော့ နှစ်စဉ်မပြောနဲ့ တစ်ရက်နဲ့တစ်ရက် လိုက်လို့မမီအောင် ပျက်စီးနေတာ ၊ ကျောင်းသားလူငယ်တွေ ပျက်စီးနေတာ ၊ အကျင့်စာရိတ္တ၊ စည်းကမ်း၊ ယဉ်ကျေးမှုဘာဆိုဘာမှ မသိအောင် အခြေခံကျောင်းတွေမှာရော၊ တက္ကသိုလ်မှာပါ ပျက်စီး နေပါပြီ။
            တစ်ခုတော့မေးပါရစေ နိုင်ငံခြားကို ပညာတော်သင်တွေ နှစ်စဉ် ထောင်နဲ့ချီစေလွှတ်နေတာ အဲဒီ ပညာတော်သင်တွေ အမိနိုင်ငံပြန်လာတော့ ဘယ်လို ပြန်အသုံးချသလဲ၊ ဘယ်လိုနေရာပေးသလဲ၊ သူတို့ကို မူလနေရာ ၊ မူလရာထူးနဲ့ပဲ ထားတယ်မဟုတ် လား၊ ပိုတောင်မှ ဘေးဖယ်ထုတ်တယ်မဟုတ်လား။ ဒါဆိုရင် ဒုဝန်ကြီးပြောတဲ့ ကိန်းဂဏာန်းတွေ ဘယ်လောက်ကြီးကြီး အလကားပဲ မဟုတ်လား။ ပညာတော်သင်အများစုက အမိမြေကို ပြန်လာကြတယ် ၊ တချို့ပြန်မလာဘူး။ တချို့ပြန်လာပြီး အလုပ်ထွက်တယ်၊ တချို့ ပြန်လာပြီး ပြန်ထွက်သွားတယ်၊ ဒါတွေဟာ ပညာတော်သင်တွေကို တန်ဖိုးမထားလို့ နေရာအတိုင်းအတာတစ်ခု မပေးလို့ဖြစ်တာ။ အမိနိုင်ငံပြန်လာတဲ့ ပညာတော်သင်တွေကို သူတို့ယူခဲ့တဲ့ ဘွဲ့နဲ့ထိုက်တန်အောင် ရာထူးနေရာတစ်ခုပေးမယ်ဆိုရင် နိုင်ငံခြားပညာတော်ဌာနမှာ အခုထိရှင်းလို့မရတဲ့ပြဿနာတွေ၊ ရှင်းလို့မနိုင်တဲ့ပြဿနာတွေရှိမှာမဟုတ်ဘူး။ ပညာတော်သင် တစ်ယောက်ဖြစ်ဖို့ဆိုတာ အမှန်တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ မြန်မာပြည်မှာ Interview (လူတွေ့/စာတွေ့) အဆင့်ဆင့်၊ ၀န်ကြီးရုံးပြီးတော့ နောက်ဆုံး သံရုံးဖြေဆိုပြီးတဲ့အပြင် ပါတီ/နိုင်ငံရေးကို မိမိကိုယ်တိုင်ရော၊ မိသားစုအသိုင်းအ၀န်း၊ ဆွေမျိုးအားလုံး ကင်းရှင်းကြမှ သွားခွင့်ရကြတာမဟုတ်လား။ အခြေခံပညာမှာဆိုရင် နိုင်ငံခြားပညာတော်သင်ဆုရဖို့ဆိုရင် ကုသိုလ်ကံထူးမှ တော်တော် ကံကောင်းမှ ရတာလေ။ အဲဒီလိုဆရာ၊ ဆရာမတွေ နိုင်ငံခြားကနေ ပညာသင်ပြီး ဘွဲ့တစ်ခုခုယူလာနိုင်ရင် မြန်မာပညာရေးဝန်ကြီးဌာန က မမြှောက်စားသင့်ဘူးလား၊ နေရာမပေးသင့်ဘူးလား၊ သူတို့ယူလာတဲ့ ဘွဲ့နဲ့ထိုက်တန်အောင် တစ်ခုခုတော့ လုပ်သင့်တာပေါ့ ဒါမှ ပညာရေးဟာ တိုးတက်မယ်၊ ဥပမာ- အခြေခံပညာကဆရာ၊ ဆရာမနိုင်ငံခြားမှာပညာတော်သင်ပြီး ဘွဲ့တစ်ခုခုရလာရင် ကျောင်းအုပ် အဆင့်ရာထူးပေးမယ်ဆိုရင် အဲဒီကျောင်းတစ်ကျောင်းကတော့အနည်းဆုံး နိုင်ငံတကာပညာရေးအငွေ့အသက်ကိုရကြမှာပဲ၊ မြန်မာပြည်ကဒေါက်တာကျောင်းအုပ်နဲ့ စစ်ဗိုလ်ကျောင်းအုပ်တွေထက်အများကြီးသာမှာပါ။ အခြေခံပညာမှာ နိုင်ငံခြားဘွဲ့ရဆရာ၊ ဆရာမတွေဘယ်လောက်ရှိမှာလဲ လက်ချိုးရေလို့ရမှာပါ။ သူတို့တွေကိုသာ နေရာပေးလိုက်လို့ လုပ်ပိုင်ခွင့်ရသွားရင် အခြေခံကျောင်း အားလုံးမဟုတ်ရင်တောင်တချို့မှာ နိုင်ငံတကာပညာရေးနည်းစနစ်တွေ ရှင်သန်ခွင့်ရမှာပါ။ အခုတော့ ပညာတော်သင်ပြန်လာတယ် ပြန်လာတဲ့ ဆရာ၊ ဆရာမတွေ ဘာအကျိုးမှ မပြုဘူး နှမျောစရာကောင်းလိုက်တာ။ ဘွဲ့ပေးလိုက်တဲ့နိုင်ငံကိုလည်း မလေးစားရာမရောက် ဘူးလား။
            ဒုဝန်ကြီးဦးအေးကြူပြောတဲ့ ကိန်းဂဏာန်းတွေ အကျိုးရှိအောင်သုံးပြပါဦး ၊ အရေအတွက်ထက် အရည်အချင်းကပိုအကျိုးရှိ မယ်ထင်တယ်။ စာရွက်ပေါ်မှာပဲ အလုပ်လုပ်နေကြမှာလား၊ စာရွက်ပေါ်မှာတင်လိမ်ညာလို့အားမရတော့ အခုတော့ လွှတ်တော်ထဲအထိ လိုက်ပြီး အကျိုးမရှိတဲ့ ကိန်းဂဏာန်းမျက်လှည့်ပြနေပြီလား၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ (ပြည်သူ့ကိုယ်စားလှယ်ကြီးများ) တင်ပြတဲ့အခြေအနေအရပ်ကို လေ့လာပေးပါ၊ သုံးသပ်ပေးပါ၊ ဝေဖန်ဆန်းစစ်ပေးပါ။ တင်ပြတဲ့ ကိန်းဂဏာန်းပေါ်ကြည့်ပြီး ကောင်း၏ ဆိုး၏ဆိုပြီး မျဉ်းမသားလိုက်ပါနဲ့ ပြင်ပလက်တွေ့ဘ၀နဲ့နှိုင်းယှဉ်ဆန်းစစ်ပြီး ဖြစ်သင့်တာဖြစ်ရမှာကို ပြန်လည်ချေပဆွေးနွေးစေချင်ပါ တယ်။ ဒါမှ ၀န်ကြီးဌာနတွေရဲ့ On Paper တွေစနစ်လျော့ပါးသွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားကြီးများ ပညာရေးကဏ္ဍ (အဆင့်မြင့်၊ အခြေခံ) စနစ်ပြောင်းလဲဖို့အရေးကြီးသလို လူတွေကိုပြောင်းဖို့လည်းလိုမှာဖြစ်ပါတယ်။အမှန်တကယ် တတ်သိနားလည် ပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့ပညာတတ်၊ ပညာရှင်တွေ သူတို့နေရာမှာ အစားထိုးသွားဖို့လိုမှာဖြစ်ပါတယ်။ ပညာရေးကို သုတေသန စနစ်တကျလုပ်ပြီး ပြည်သူ့အသံ၊ ကျောင်းသူ၊ ကျောင်းသားအသံ၊ ကျောင်းဆရာ၊ ဆရာမစစ်စစ် (ဒေါက်တာ၊ စစ်ဗိုလ် မပါ)၊ ကျောင်းသားမိဘများအသံ အားလုံးရအောင်စုဆောင်းသုတေသနပြုပြီး ပညာရေးပြုပြင်နိုင်ကြပါစေလို့ မျှော်လင့်ဆုတောင်းလိုက်ပါ ရစေ။

ပညာရေးလား၊ စီးပွာရေးလား
            ဒီကနေ့ခေတ်မှာ ဘော်ဒါ ၊ နေ့အထူး၊ စာကျက်ဝိုင်း၊ ကျူရှင်၊ Guide၊ သုံးလပြတ် အဲဒါတွေမှ မထားနိုင်ရင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) မအောင်ဘူး၊ အမှတ်ကောင်းကောင်းမရဘူး၊ ဂုဏ်ထူးမရဘူး၊ လို့ခံယူထားတဲ့မိဘနဲ့ အဲဒါတွေကို အားကိုးတဲ့ကျောင်းသားက ၉၀%လောက်ရှိမယ်ထင်တယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မိဘတွေကအပြိုင်အဆိုင်၊ ကျောင်းသား တွေက ကျောင်းကလွှဲရင်ပြီးရောနဲ့စာကိုအဓိကမထားပဲ[မထားတာမဟုတ် မထားမိတာ] အပြင်ကိုအားကိုးနေကြတယ်လေ။ ခေတ်ကိုက ဒီလိုဖြစ်အောင်တွန်းအားပေးတယ်လေ။ မနှစ်က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးခရီးစဉ်မှာ အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း မန္တလေး အထက (၁၆၊ ၂၆) နဲ့ Private ကျောင်း (၂) ကျောင်းသွားကြည့်ရာမှာ Private ကျောင်းတွေက သူတို့ရဲ့ကျောင်းအဆောက်အဦအပြင် ကျောင်းသူကျောင်းသားများရဲ့ အိပ်ယာ၊ ကုတင်တွေပါ Presentation မှာ တင်ပြကြတယ် ဒါဟာ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်တစ်ခုပဲ အဲဒီကျောင်းသားတွေကို ဘယ်မှာ Enroll လုပ်သလဲ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာပဲ အခြေခံကျောင်းတွေမှာ စာရင်းသွင်း ၊ အခြေခံကျောင်းကဆရာ၊ ဆရာမ တွေကို အသုံးမကျကြောင်း၊ စာမသင်ကြောင်း၊ စာမတတ်ကြောင်း၊ ဝေဖန်တယ်လေ။ ကျောင်းသားမိဘနဲ့ကျောင်းသားတွေကို ခြိမ်းခြောက်တယ်၊ မြှောက်ပင့်တယ်။ မိဘကလည်း အောင်ချင်ဇောတစ်ခုပဲသိတယ် ကျောင်းသားရဲ့အခြေအနေမှန်ကို မသိဘူး၊ နားမလည်ဘူး ကျောင်းကဆရာ၊ ဆရာမပြောတာကို နားမထောင်ဘူး အပြင်ကိုယုံတယ်
            ဘာပဲဖြစ်ဖြစ်စဉ်းစားကြည့်ပါ၊ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ဟာ ဒီကျောင်းမှာ သူငယ်တန်းကစပြီးနေလာတယ် ဆိုရင် အဲဒီကလေးရဲ့စာရိတ္တ၊ အမူအကျင့်၊ စည်းကမ်း၊ အပြောအဆို၊ အနေအထိုင်၊ ကျောင်းစာဘာသာရပ် အားနည်းချက်၊ အားသာချက် အားလုံးကို ဆရာ၊ ဆရာမများကသိတယ်၊ အဲဒါကို န၀မတန်းရောက်မှ ဒသမတန်းရောက်မှ ကျောင်းကမကောင်းပါဘူး၊ ဆရာတွေစာသင်မကောင်းဘူး၊ စာမတတ်ဘူးဆိုပြီး အပြင်အားကိုးလာတယ်၊ ငွေတစ်ခုပဲသိတဲ့ကျောင်းအုပ်ကြီးတွေနဲ့လက်ဝါးချင်းရိုက် ကျောင်းမှာစာရင်းသွင်း အပြင်မှာ အပြင်ဆရာတွေနဲ့နေတော့တာပဲ၊ စာမေးပွဲအောင်ရင်၊ ဂုဏ်ထူးပါရင် သတင်းစာထဲကနေ အပြင်က ဘယ်ဆရာတွေကို ကျေးဇူးတင်ကြောင်းချီးကျူးဂုဏ်ဖော်ပြီး ဂုဏ်ပြုပွဲလေးတွေလုပ်ကြတယ်လေ။ စာမေးပွဲရှူံးရင် ကျောင်းက ဘယ်ဆရာက၊ ဘယ်ဆရာမက နဲ့အမျိုးမျိုးထောပနာပြုတော့တာပဲ၊ မိဘများသတိထားသင့်တယ် ဒီကနေဆရာ၊ ဆရာမတွေကို မဟုတ်၊ မမှန်တာပြောကြလို့ ကလေးတွေမှာ မဖြစ်သင့်ပဲ ဂိုဏ်းသင့် နေတယ်။ အဲဒီအပြင်ကတော်လှပါတယ်ဆိုတဲ့ စာသင်စားတဲ့ ပညာရေးဘွဲ့တစ်စုံတစ်ရာ မရတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဆေးကျောင်းသားတွေ၊ တက္ကသိုလ်ဆရာတွေ၊ တက္ကသိုလ် ကျောင်းသားတွေအားလုံးဟာ ဟောဒီအခြေခံကျောင်းကနေသင်ပေးလိုက်တာပဲ၊ အခြေခံကျောင်းကဆရာ၊ ဆရာမတွေက သင်ပေး လိုက်တာပဲမဟုတ်လား။
            အပြင်လောကမှာ ရှိတဲ့ဘော်ဒါ၊ စာကျက်ဝိုင်း၊ နေ့အထူး၊ သုံးလပြတ်၊ ကျူရှင် တချို့တကယ်ကိုအားကိုးထိုက်ပါတယ်။ ဆရာကောင်းတွေရှိတယ် ၊ ကျောင်းဆရာစိတ်ဓာတ်အပြည့်အ၀ရှိတယ်၊ စေတနာထားတယ်။ (လူနည်းစုပေါ့နော်) အဲဒီဆရာကောင်း တွေကြောင့် အပြင်လောကဟာ နာမည်ကောင်းခဲ့တာပါ။ ဒါပေမယ့်ခုနောက်ပိုင်းခေတ်မှာတော့ စီးပွားရေးတွက်နေကြပါပြီ၊ တစ်လကို ကျပ်တစ်သိန်းကနေ လေးငါးသိန်းအထိ လစာပေးထားတော့ ကျောင်းကဆရာ၊ ဆရာမတွေတောင် အသက် ၆၀ ပြည့်လို့ ပင်စင်ယူရင် သွားကြတယ်။ (နည်းလမ်းမကျလိုက်တာ အစိုးရတောင်ပင်စင်ပေးထားတာ အပြင်မှာ ပြန်ခန့်တယ်လို့) ။ တချို့ဆိုရင် လုပ်သက်ပြည့် (နှစ် ၃၀) နဲ့ ပင်စင်ယူတယ်၊ ဆေးပင်စင်ယူတယ် ၊ အလုပ်ထွက်တယ် နည်းမျိုးစုံနဲ့ အပြင်လောကဆီမှာ လွတ်လပ်မှုနဲ့ စီးပွားတွက် ကျောင်းဆရာ၊ ဆရာမဘ၀ကို စွန့် အပြင်ဆရာ၊ ဆရာမဘ၀ကို ခံယူသွားကြတယ်၊ ဒီနေရာမှာ စဉ်းစားသင့်တာက ပညာရေးကို ပြုပြင်မယ်ဆိုရင် [ဘက်စုံထောင့်စုံကနေသုတေသနပြုဖို့လိုမယ်ဆိုတာပဲ]
            အဲဒီအပြင်လောကပညာရေးကို လူပါးဝအောင် (ကျောင်းပညာရေးကို စော်ကားအောင်) ဘယ်သူတွေလုပ်နေတယ်ထင်သ လဲ။ ရုံးချုပ်ကအရာရှိကြီးတွေပဲ သူတို့ စာသင်တာနားမလည်ဘူး ၊ စာတတ်တာနားမလည်ဘူး၊ အခြေခံပညာကျောင်းတွေကို နားမလည်းဘူး သူတို့သိတာ အခြေခံပညာကျောင်းဆိုတာ သူတို့လက်ထဲမှာရှိတယ်လို့ ယူဆထားတယ်။ နားမလည်ဒါလည်းမပြောနဲ့ ဦးစီးမှူး၊ ဦးစီးအရာရှိဆိုတာ ရုံးစာရေးကဖြစ်လာတာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်ဆိုတာ စစ်ဗိုလ်ကဖြစ်လာတာ၊ စဉ်းစားတာကြည့် ပညာရေးမပျက်စီးပဲခံနိုင်ရိုးလား၊ အခုထိ ကျောင်း၊ ကျောင်းသား၊ ဆိုတာရှိသေးတာကျောင်းဆရာတွေကို ကျေးဇူးတင်ရမယ်။ အဲဒီရုံးချုပ်ကလူကြီးဆိုတဲ့လူတွေက နယ်ပေါင်းစုံက ကျောင်းသားတွေကို ကော်မရှင်ယူပြီး ဘော်ဒါအပ်ပေးနေတာ၊ ကျောင်းအုပ်ကြီးတွေလည်းအတွန့်မတက်ရဲဘူး၊ လက်ခံဆိုရင်လက်ခံရတာပဲ။ အဲဒီလိုဆိုမှ တော့အပြင်ဘော်ဒါတွေ လူပါးဝပြီပေါ့ အားကိုးရှိတာကိုး။ အဲဒီအားကိုးက ရုံးချုပ်တစ်ခုတင်မကဘူး ဟိုအထက်အထိပါသေးတယ်။
            ဘော်ဒါတွေမှာ ပညာရေးကပင်စင်ယူပြီးတဲ့ဆရာ၊ ဆရာမတွေသွားပြီးအလုပ်လုပ်ကြတယ်။ ဘော်ဒါဆောင်ဆိုတာ စီးပွားရေး တွက်ထားတာ။ဆယ်တန်းအောင်တွေ ပေါချောင်ကောင်း Guide တွေထားပြီး အဓိက ၁၀ တန်းကို နာမည်ယူကြတာလေ။ တခြား ၅ တန်းကလေ ၈ တန်းလောက်ကတော့ လုံးဝအလေးမထားဘူး ပျော်ရင်ပြီးရော၊ Guide တွေ၊ ဆရာတွေကလည်း B.Ed ဘွဲ့မရဘူး ဆိုတော့ ပညာရေးသဘောတရား၊ ကလေးစိတ်ပညာ၊ ကျောင်းသားအုပ်ချုပ်မှု သိပ်ညံ့တာ၊ ဒီတော့ ကျောင်းသူ၊ ကျောင်းသားနဲ့ Guide နဲ့ပေါင်းမိပြီး ပျက်စီးချင်တိုင်းပျက်စီးနေတာပဲ၊ အခြေခံပညာကလာတဲ့ ဆရာ၊ ဆရာမတွေနဲ့တော့လုံးဝ အဆင်မပြေဘူးလေ။ နောက်ဆုံးတော့ အခြေခံကျောင်းကလာတာအတွေ့အကြုံရင့်ကျက်ပြီး ဆရာ၊ဆရာမတွေ ပင်စင်စားတွေ၊ ဘော်ဒါကနေ ထွက်ပြေးရတာပေါ့။
            ပညာရေးကိုပြုပြင်မယ်ဆိုရင် အမှန်ကို မြင်ကြည့်ပါ၊ ဘက်စုံထောင့်စုံကနေဆန်းစစ်ပါ။ အပေါက်ကြီးလွန်းရင် လူကအပေါက်ကြီးထဲရောက်နေလို့ မမြင်ရပါဘူး၊ အပ်ပေါက်လောက်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်ကို လိုက်ကြည့်နေရင် မြန်မာ့ပညာရေးဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ပါဘူး။
ဆရာစိုင်းမင်း - ရေးသားပေးပို့ ထားတဲ့ ပညာရေးဆိုင်ရာဆောင်းပါးဖြစ်ပါတယ်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။