Tuesday, May 1, 2012

တရုတ် ဈေးကစား၍ နယ်စပ်ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်အေးနေ

တရုတ် ဈေးကစား၍ နယ်စပ်ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်အေးနေ



တရုတ်- မြန်မာနယ်စပ်ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည်များက ကျောက်စိမ်းဝယ်ယူရာတွင် အထူး ဈေးနှိမ်ဝယ်ယူနေသဖြင့်   ကျောက်စိမ်းဈေးကွက်အေးနေကြောင်း သိရသည်။

မြန်မာကျပ်ငွေ ၁၀ သိန်းတန် ကျောက်စိမ်းများအား တရုတ်ပြည်က ကျပ်ငွေ ၃၊ ၄သိန်းဖြင့် ဈေးနှိမ်ပေးနေခြင်း ဖြစ်ကြောင်း   ကျောက်စိမ်းလော်ပန်းများကဆိုသည်။

“မလွန်ဘူးလား။ ကျပ် ၁သိန်းတန်ကို ၊ ကျပ် ၂သောင်းလောက်ပဲ ပေးတယ်။ သူတို့က ကျောက်စိမ်းကို ဈေးမပေးချင် ကြတော့ဘူး၊ ကျောက်စိမ်းဝယ်ဖို့ထက် ရေနံဘက် အားသန်နေသလိုပဲ။” ဟု ရွှေလီမြို့ ရှိ ကျောက်စိမ်းလော်ပန်း တစ်ဦးကပြောသည်။

တရုတ်က ကျောက်စိမ်းဈေးနှိမ်နေခြင်းကြောင့် ကျောက်စိမ်းဈေးကွက်အေးနေခြင်းအားနှင့်ပတ်သက်၍ ဈေးကစားခြင်း ဖြစ်ကြောင်းကျောက်မြတ်ရတာနာလုပ်ငန်း ရှင်များအသင်းမြစ်ကြီးနားအဖွဲ့က အတွင်းရေးမှူးဦးသောင်းကြည်က ယခုကဲ့သို့ဆိုသည်။



 “ကျောက်စိမ်း ဈေးကွက်အေးတာက လောလောဆယ် ကျင့်သုံးတဲ့ သူတို့နိုင်ငံရဲ့ မူဝါဒ အရ ခဏအေးတာ။ ပြီးရင် ကျတော်တို့ အခုဆိုရင် ကျင့်သုံးနေတဲ့ တံခါးဖွင့်ဝါဒ အရ သတ္တု၊ သစ်တော၊ ကျင့်သုံးတဲ့အခါ ကျောက်မျက်ဈေးကွက်ကဘယ်လိုမှ နစ်နာစရာ မရှိပါဘူး။ သူတို့ ခဏလေး ဈေးကစားတာပါ။

တရုတ်နိုင်ငံရဲ့ ကျင့်သုံးတဲ့ မူဝါဒအရ  ငွေကြေးစနစ်လေး နည်းနည်းလေး ပြင်လိုက်တဲ့ သဘောပါ။ ခဏတဖြုတ်လေး ဖြစ်သွားတာပါ။ အမြဲတမ်းအတွက် မဟုတ်ပါဘူး။ မကြာခင်မှာ ဈေးပုံမှန် ပြန်ဖြစ်သွားမှာပါ။” ဟု ၄င်းကသုံးသပ်သည်။

ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ် ဖားကန့်မှော်တွင်လည်း လတ်တလော ကျောက်စိမ်းဈေးကွက်အေးနေပြီး ဘော်လီသားဆိုသည့်   ကျောက်စိမ်းတစ်မျိုးမှာ တစ်ကီလိုလျှင် ယခင်က ကျပ်သိန်း (၃)သိန်းခန့်ရရှိပြီး ယခုမူ သိန်း (၆၀၀)-(၇၀၀) ရရှိကြောင်း သိရသည်။

ကျောက်စိမ်းအရည်ကျောက်မှာမူ ယခင်ဈေးအတိုင်း ရရှိနေကြောင်း ဖားကန့်ရှိ ကျောက်လော်ပန်းလဆိုင်းက ပြောသည်။



“ဈေးကွက် ပျောက်သလို၊ ကျောက်လုပ်တဲ့ သူတွေတောင် ပျင်းလာတယ်။ ခုလောလောဆယ်တော့ ဝယ်လက်တွေဝယ်နေတာက အသားကျောက်ထက်၊ အရေကျောက်က ထိုက်သင့်သလောက်၊ ရောင်းပန်းလှ နေဆဲ။” ဟု ဦးလဆိုင်းက ဆက်ပြောသည်။


ကချင်ပြည်နယ်ကျောက်စိမ်းများအား မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျောက်စိမ်းပန်းပုများရောင်းချပြီး ရန်ကုန်မြို့သို့တွင်ကျောက်စိမ်းအပွင့်များ ရောင်းချနေခြင်းဖြစ်သည်။


“တရုတ်က ဈေးကွက်အေးနေတော့ နေပြည်တော်ကို ပို့မယ်။ နေပြည်တော်မှာတောင် ယူရိုနဲ့ ရောင်းလို့ရတယ်။ မြစ်ကြီးနားမှာလည်း   ဈေးကွက်ရှိလာပြီ။ ခါတိုင်းက မြစ်ကြီးနားမှာ ကျောက်ရောင်းဝယ်ရေး ခွင့်မရဘူး။မြစ်ကြီးနားမှာလည်း ဈေးကွက်ပေါ်လာတာပေါ့နော။”   ဟု တရုတ်နယ်စပ်သို့ ကျောက်စိမ်းရောင်းဝယ်နေသူ ကျောက်လောပန်း စိုင်းအောင်က ပြောသည်။


ကျောက်မြတ်ရတနာကုန်သည်များအသင်း မြစ်ကြီးနားအဖွဲ့မှ ဦးသောင်းကြည်ကမူ ကျောက်စိမ်းဈေးကွက် ယခင်ထက် ကျယ်ပြန့်လာမည်ဟု သုံးသပ်သည်။


“အရင်က တရုတ်အစိုးရတစ်ခုတည်းလိုဖြစ်နေတော့ သူတို့က ဈေးကစားနေတာလေ။ မကြာခင်မှာ နိုင်ငံပေါင်းစုံနဲ့ အနောက်နိုင်ငံ အခြား ပတ်သက်ဆက်နွယ်လို့ရတဲ့ နိုင်ငံတွေနဲ့ ကျောက်ဈေးကွက်ရှိလာမယ့်အနေအထားဆိုလို့ရှိရင် အရင်ထက်ကို ပိုပြီးတော့ အရှိန်အဟုန်မြင့်ပြီးတော့ ဈေးကွက်ကောင်း လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။” သူ၏ ယုံကြည်ချက်အားပြောဆိုခဲ့သည်။
ဂျာတော့ပ် (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။