Tuesday, May 1, 2012

ရေ ရှားရပ်ဝန်းက ပြည်သူတွေအတွက် နည်းလမ်းရှာဖွေခြင်းနဲ့ စတင်ကြရအောင်ပါ

ရေ ရှားရပ်ဝန်းက ပြည်သူတွေအတွက် နည်းလမ်းရှာဖွေခြင်းနဲ့ စတင်ကြရအောင်ပါ



ဒီလို ပူပြင်းလှတဲ့ နွေရက်တွေ စိပ်လာတာနဲ့အမျှ မြန်မာပြည် အလယ်ပိုင်းနဲ့ မြန်မာပြည် ပင်လယ်နဲ့ နီးစပ်သော ရေချို   ရေရှားဒေသတွေရဲ့ရေချို လိုအပ်မှု အခက်အခဲနဲ့ ပြဿနာတွေကြားရတာ
တနေ့ထက်တနေ့ပိုများလာပါတယ်။
ဒီလိုသတင်းတွေကြားရတိုင်း မိုးရွာပါစေလို့ ဆုတောင်းကြည့်ပါတယ်။ ရေချို ရှားပါးသူတွေအတွက် မိုးရေ ဟာ သောက်ရေ   ရေသန့်ဖြစ်နေတာကိုး။ ရေချို လိုအပ်နေတဲ့ ဒေသတွေနဲ့ လိုအပ်သူ ပမာဏကလည်း တနေ့ထက် တနေ့ ပိုပိုတိုးလာပါတယ်။
 
လုံဝ ခြောက်သယောင်းပြီး ပတ်ကြားအပ်နေတဲ့ ရေကန်တွေကို မြင်ရတော့လည်း မိုးရွာတယ်ဆိုရင်တောင်မှ တော်ရုံမိုးနဲ့ မလုံလောက်ပါဘူး မရပါဘူး။ ခမ်းခြောက်ကုန်တဲ့ ရေကန်တွေ ရေပြန်ပြည့်အောင် ရွာတဲ့ မိုး ဖြစ်မှ ရပါမယ်။
 
အရင်တုန်းကရော ဒီဒေသတွေက ရေရှားသလားလို့ တွေးကြည့်ပါတယ်။  မကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းတို့တော့ ကျမ သေချာ မသိပါဘူး။ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက ကဒေသတွေထဲမှာတော့ ရေရှားတဲ့   ဒေသတွေနဲ့   ကျေးရွာတွေ ရှိပါတယ်။ ရောက်လည်း ရောက်ခဲ့ဖူး၊ မြင်လည်းမြင်ခဲ့ဖူးပါတယ်။
 
 ရန်ကုန်တိုင်းမှာဆိုရင် ဥပမာ ပင်လယ်နဲ့ နီးတဲ့ ဒေသတွေမှာ ရေချို မထွက်ဘူး၊ ရေတွင်း တူးရင်လည်း ရေငန်ပဲ ထွက်ပါတယ်။ အဲဒီလို ရေချိုနဲ့ ရေရှားပါးတဲ့ ဒေသတွေကတော့ရွာတွေမှာ ရေကန် ၄ ကန် ၅ကန်လောက်တော့ ရွာတိုင်း ရှိပါတယ်။
 
မိုးရွာလိုက်ရင် အဲဒီကန်တွေ ရေအပြည့်ပါပဲ၊ အဲဒီကန်ရေကို သုံးဖို့ ထားပြီး၊ မိုးရေကို အိမ်တွေမှာ ဇရာဝင်အိုးကြီးတွေနဲ့ သိမ်းပြီး သောက်ရေအဖြစ် သိုလှောင်ကြတာလဲ ရှိပါတယ်။ အဲဒီလို မိုးရေကိုလှောင်ပြီး သုံးကြတာ နောက်မိုးတွင်းထိ ထားကြတယ်။
 
ဒီလိုပဲ ရေကန်ထဲက ရေကိုလည်း သုံးရေအဖြစ် သုံးကြတယ်။ ဒါပေမဲ့ အပူကြီးတဲ့ နှစ်တွေနဲ့ မိုးနည်းနဲ့ နှစ်တွေ မှာ ရေခမ်းကုန်တဲ့   ပြသနာတွေ ကြုံ ရတယ်။ အချို့ ရွာ်တွေမှာတော့ နှစ်နှစ်တခါ သုံးနှစ်တခါ ကြုံရပါတယ်။ အချို့ရွာတွေမှာတော့ နှစ်စဉ်ကြုံရတယ်။
 
ကျမ သိရသလောက်ပြောရရင်တော့ ရေ ခမ်းကုန်တဲ့အခါ မခမ်းတဲ့ ဒေသကို သွားပြီး ခပ်ကြရတယ်၊ ရေရနိုင်တဲ့ နေရာက ဘယ်လောက်ပဲ ဝေးဝေး သောက်ရေ တပေါက်ရအောင်တော့ ခပ်ကြရတာပါပဲ။ကိုယ့်ရွာက ကန်မှာ မရှိရင် ရှိတဲ့နေရာထိ သွားပြီး ခပ်ရတယ်။ ၁၀ မိုင်ခရီးဖြစ်ဖြစ် ၊ မိုင် ၂၀ ခရီးဖြစ်ဖြစ်သွားကြရပါတယ်။
 
လှည်းရှိတဲ့သူတွေက ရေအိုးရေစည်တွေကို လှည်းပေါ်တင်ပြီး သွားခပ်ကြတယ်၊ စက်ဘီးရှိတဲ့သူက စက်ဘီးနဲ့ သွားတယ်၊ဘာမှ မရှိတဲ့သူကတော့ ထမ်းပိုးလေး လုပ်ပြီး သွားခပ်ကြတယ်လို့ ရှင်းပြပါတယ်။
 
အဲလို ရေခပ်နေရတဲ့ အတွက် စားဝတ်နေရေး ထိခိုက်ကုန်တာတွေလည်း ရှိတယ်၊ ရေခပ်နေရလို့ အလုပ်မလုပ်နိုင်တဲ့သူတွေ၊ မိဘအတွက် ရေ၀ိုင်းခပ်ပေးနေရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ...စတဲ့ အိမ်ရှိလူကုန်နီးပါး တနိုင် ရေသယ်ပြီး သုံးရပါတယ်။ သောက်ရေးတပေါက်အတွက် အကျိုးရှိတဲ့ အချိန်တွေကို ကုန်စေခဲ့တာလည်း တွေ့မြင်နေရပါတယ်။
 
 ကျမတို့ တိုင်းပြည်မှာ သဘာဝရဲ့ ဆုလဒ်ဖြစ်တဲ့  မြစ်တွေ ချောင်းတွေအများကြီး ရှိတယ်။မြစ်ရေတင် စီမံကိန်းအချို့ကြောင့်နဲ့ ဆည်တွေကြောင့် ရေမပြတ်လပ်သော နေရာများလည်း ရှိကြောင်းကြားရပါတယ်။ ဆည်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပေမဲ့ ဆည်တွေကြောင့် ရေရရှိတဲ့ ဒေသတွေလည်း ရှိပါတယ်။တချို့ကလည်း ဆည်တွေကို စံချိန်စံညွှန်းမီ စနစ်တကျ မဆောက်ခဲ့ကြတဲ့အတွက်  ငါးမျိုးရေနေသတ္တ၀ါမျိုးတွေ ပြုန်းရတယ်လို့ ပြောဆိုတာတွေလည်းကြားခဲ့ရဖူးပါတယ်။
 
ဒါ့အပြင်သစ်ပင်တွေခုတ်၊သစ်တောပြုန်းတီးမှုတွေကြောင့်မြစ်တွေ သောင်ထွန်းပြီး  ရေနည်းခြင်း၊ ရေတိမ်ခြင်း၊ မြစ်ကောလာခြင်းတွေနဲ့ ကြုံလာရပါတယ်လို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးတက်ကြွသူတွေ ပြောပါတယ်။
 
 
ကျမတို့တိုင်းပြည်မှာ ရှိခဲ့သော ရေအရင်းအမြစ်တွေ ဘာကြောင့် ပျောက်ဆုံးကုန်သလဲ။၊
 
 
 
မြန်မာနိုင်ငံအနေနဲ့ ရေကောင်းရေသန့်ဖူလုံရေး။ ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး။ မြစ်ချောင်းနဲ့သဘာဝ ရေကန်များ   ထိန်းသိမ်းစောင့်ရှောက်ရေး စတဲ့ လုပ်ငန်းတွေကို စနစ်တကျ မဆောင်ရွက်ခဲ့လေးသလား၊
 
ဒါတွေဟာ တကယ်တော့လည်း သယံဇာတပေါကြွယ်ဝမှုကို စနစ်တကျ သုံးစွဲရေး နည်းပါးခြင်းတို့ကြောင့်လား။
 
၂၀၀၈ခုနှစ်နောက်ပိုင်းမှာ  မြစ်ဝကျွမ်းပေါ် ဒေသနဲ့အလယ်ပိုင်းဒေသတွေမှာ ရေရှားပါးခြင်းက  ပြဿနာကြီးတခုဖြစ်လာတာကို ပြည်တွင်း သတင်းမှတ်တမ်းတွေအရ တွေ့လာရပါတယ်။
 
အချို့ဒေသတွေမှာလည်း ရှိသမျှမြေတွေကို စိုက်ပျိုးရေးတွေချည်း လုပ်ပစ်လိုက်လို့ ၊ မြစ်ရေတွေကို စိုက်ခင်းတွေအတွက်ပဲ သုံးပစ်လိုက်လို့၊ မြစ်ရေတွေကို ပုစွန်ကန်၊ ငါးကန်တွေအတွက်ပဲ သုံးလိုက်ကြလို့ စတဲ့ အသံတွေလည်း ကြားရပါတယ်။
 
ဘယ်လိုပဲ ဖြစ်ဖြစ် ရေရှားရပ်ဝန်းက  ပြည်သူတွေ သောက်ရေရှားပါးခြင်းကို  နှစ်တိုင်း ကြုံနေရပါတယ်။
 
အလှူရှင်တွေ လက်လှမ်းမီတဲ့ ဒေသတွေမှာတော့ ရေအလှူတွေ ရှိပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးလို   ရေရှားရာတွေမှာတော့ ရေအလှူရှင်တွေ လက်လှမ်းမီကြပေမဲ့အလှူရှင်လည်း မရောက်၊မီဒီယာလည်း မသိဘဲနဲ့ လူမသိ သူမသိ ရေပြတ်နေတဲ့ ဒေသတွေကလည်း အများကြီးပါ။
 
ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်တိုင်း ရေလိုနေတဲ့၊ သူတို့တွေရဲ့ ဒုက္ခတွေအတွက် ကျမတို့ အကောင်းဆုံးဖြေရှင်းပေးနိုင်မဲ့   ရေရှည် နည်းလမ်းကို   ၀ိုင်းဝန်းစဉ်းစားကြည့်သင့်တယ်လို့ ကျမ တွေးကြည့်မိပါတယ်။
 
ရေချို မထွက်တဲ့ ဒေသတွေမှာ ရေတွင်း တူးလို့ မရတဲ့ဒေသတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေအတွက် ဘယ်လိုနည်းလမ်းမျိုးက အကောင်းဆုံးဖြစ်နိုင်ပါသလဲ။
 
လက်ရှိမှာတော့ မိုးရေကို စနစ်တကျ သိုလှောင်သုံးစွဲတတ်ရေးနဲ့ ရေချွေတာသုံးစွဲရေး လုပ်ငန်းတွေကိုလည်း စနစ်တကျ   ဆောင်ရွက်ခြင်းကသာ လက်တလောအတွက် အကောင်းဆုံးလား။
 
ဒါ့အပြင် ရှိတဲ့ သယံဇာတတွေ မပျက်ဆီးအောင် ထိန်းသိမ်းခြင်းအပြင် အခြားနည်းလမ်းတွေရော ဘာရှိပါသလဲ။
 
နိုင်ငံတကာမှာရော ဘယ်လို ဆောင်ရွက်နေကြသလဲ။ ကျမတို့ တိုင်းပြည်မှာလည်းစတင် ဆောင်ရွက်လို့ ရပြီလား၊
 
စနစ်တကျ  လုပ်ကိုင် ခြင်းနဲ့ စတင်ဖို့ အသင့်ဖြစ်ရဲ့လား
 
 
ရေအရင်းမြစ် ပညာရှင်တွေရော ရှိပါရဲ့လား။
 
 
 
ရေ ရှားပါးရေး ဒေသတွေအတွက် လက်ရှိနဲ့ ရေရှည်စီမံကိန်းအနေနဲ့ အစိုးရနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကရော ဘယ်လိုဆောင်ရွက်ပေးနိုင်သလဲ။
 
ကျမတို့လို မီဒီယာတွေနဲ့ စေတနာရှင်တွေကရော ဘယ်လို ဆောင်ရွက်ပေးနိုင်ပါသလဲ။
 
တနိုင်တပိုင်ကူညီနိုင်သူများရော၊ အဖွဲ့လိုက် ကူညီနိုင်သူများနဲ့ ပညာရှင်များပါ အားလုံးက ၀ိုင်းဝန်ပြီးနည်းလမ်းရှာကြမလား၊
 
ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်နိုင်မလဲ။ ပညာရှင်လည်း မဟုတ်၊သာမန်ပြည်သူသာ ဖြစ်တဲ့ ကျမအတွက်ကတော့ ..မေးခွန်းတွေကတော့ အများကြီးပါပဲ။
 
ဘယ်လိုပဲဖြစ်ဖြစ် ...ရေချို ရေသန့်ရှားပါးတဲ့ ဒေသက ပြည်သူတွေအတွက် ရေချို ရရှိရေးနဲ့ ရေချိုရေးကို အမျိုးသားရေးတခုလို အားလုံးက ၀ိုင်းပြီး ညီညီညွှတ်ညွှတ်နဲ့ စဉ်းစားကြ၊ ဆောင်ရွက်ကြရအောင်ပါလို့ တိုက်တွန်းချင်ပါတယ်။
 
ဘာပဲဖြစ်ဖြစ် နည်းလမ်းရှာဖွေခြင်းကနေ စပြီး စတင်လိုက်ကြရအောင်ပါရှင်။
 
မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။