Tuesday, May 1, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ငွေးကြေးရင်းနှီးမြှပ်နှံမှုများအား ရပ်ဆိုင်းမည်ဆိုသည့် သတင်းမှာ မဟုတ်မှန်


ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ငွေးကြေးရင်းနှီးမြှပ်နှံမှုများအား ရပ်ဆိုင်းမည်ဆိုသည့် သတင်းမှာ မဟုတ်မှန်



ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Italian-Thai Development ကုမ္ပဏီက  ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် ငွေးကြေးရင်းနှီးမြှပ်နှံမှုများအား ရပ်ဆိုင်းမည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးအောင်နိုင်ဦးက နေပြည်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 

“ရပ်ဆိုင်းလိုက်ပြီဆိုတဲ့သတင်းက မဟုတ်ပါဘူး။ ဘတ်ဂျက် ကိစ္စနဲ့ ပတ်သတ်ပြီး စိစစ်မှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဘာသာပြန်မှားပြီး   ဖော်ပြတာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ၂၀၁၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်တော့မည် မဟုတ်ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

ထို့အတွက် စက်မှုဇုံစီမံကိန်းအပေါ် သံသယများဖြစ်လာသောကြောင့် Italian-Thai Development ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ငွေကြေးရင်းနှီးမြှပ်နှံမှုများကို ရပ်ဆိုင်း တော့မည်ဟုဆိုကာ နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

Italian-Thai Development ကုမ္ပဏီသည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ပထမဆုံးခြေလှမ်း အဖြစ် ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလပိုင်းအတွင်း၌ ပြောဆိုခဲ့သည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် သံမဏိစက်ရုံတစ်ခု တည်ဆောက်ရန်အတွက် မြေအရောင်း အဝယ်စာချုပ် တစ်ခုအား  ဇွန်လအတွင်း ချုပ်ဆိုနိုင်ရန်အတွက် ပြင်ဆင်ထားသည်ဟု ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ Prem chai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု   နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

Italian-Thai Development ကုမ္ပဏီသည် ထားဝယ်နေနက်ဆပ်ကမ်းစီမံကိန်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၂၀၁၀ ခုနှစ်မှစတင်ကာ ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထား ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ရေနံချက် စက်ရုံ၊ ရေနံဓာတု စက်ရုံ၊ သံမဏိ စက်ရုံတို့ပါဝင်မည်ဟု သိရသည်။
ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup o

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။