Wednesday, May 30, 2012

ငြိမ်းချမ်းရေးဖော်ဆောင်ရန် နော်ဝေး ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ကန်ဒေါ်လာ(၅)သန်း ထောက်ပံ့ ၀င့်သင်ဇာကျော် (မြစ်မခ)

နော်ဝေးနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ဒေါ်လာ(၅)သန်းအား မြန်မာနိုင်ငံငြိမ်းချမ်းရေး   ဖော်ဆောင်ရေး အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မေလ(၂၈)ရက်နေ့တွင် ပြုလုပ်သော ဌာနေမဲ့များအား မှတ်ပုံတင်ကဒ်ချပေးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတဲ့ လုပ်ငန်းက ရှည်ကြာတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ် ဆိုတာ နားလည်တယ်။ ပထမဆုံးအနေနဲ့ 5 million US Dollor ထောက်ပံ့ပေးဖို့ ရှိပါတယ်။ တခြားနေရာတွေ မှာလဲ ကူညီဖို့ရှိတယ်၊ တခြားနိုင်ငံတွေမှာ လှူမယ့်အလှူရှင်တွေလဲ ရှိပါတယ်” ဟု နော်ဝေးနိုင်ငံ ဒုတိယနိုင်ငံ ခြားရေး ၀န်ကြီးက ပြောသည်။
နော်ဝေးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်ရေး ကိစ္စရပ်များတွင် ကူညီမည်ဖြစ်ပြီး ပထမဦးစွာ မိုင်းရှင်းလင်းရေးကိစ္စရပ်များနှင့် ကရင်တိုင်းရင်းသားများ၏ ဘ၀ရပ်တည်နိုင်ရေးအတွက် အထောက်အပံ့များ   ပေးဆောင်သွားမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
“ကျွန်တော်တို့နိုင်ငံအနေနဲ့က မြန်မာနိုင်ငံက ငြိမ်းချမ်းရေးကိစ္စတွေမှာ ကူညီသွားမှာပါ ၊ နောက်ကနေ တတ်နိုင်သလောက် ကူညီမှာပါ။ ပထမဆုံးအနေနဲ့ အမြန်ဆုံးအကောင်အထည် ဖော်နိုင်မဲ့ ကိစ္စတွေကို စလုပ်နေပါပြီ၊ အဲ့ဒါက မိုင်းရှင်းတဲ့ ကိစ္စပေါ့၊ နောက်တစ်ခုကတော့ ကရင်တိုင်းရင်းသားတွေ သူတို့ကို အခု မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးပြီးပြီဆိုတော့ သူတို့ဘ၀ရပ်တည်နိုင်ရေးအတွက် လိုအပ်တဲ့ အထောက် အပံ့တွေပေးဖို့လဲ အစီအစဉ်ရှိပါတယ်” ဟု နော်ဝေး၀န်ကြီးက ဆက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပထမဆုံးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာလုပ်ဆောင်မည် ဖြစ်ပြီး ဒုတိအနေဖြင့် မိုင်းရှင်းသွားမည်ဖြစ်ကာ၊ ကွဲကွာနေသော မိသားစုဝင်များ ပြန် လည် ပေါင်းစည်းရေးကိုလည်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
“ပထမက အပစ်အခတ်ရပ်စဲရေး ဖြစ်ပါတယ်။ မိုင်းတွေကိုလဲ ရှင်းလင်းသွားမှာပါ။ ပြီးတဲ့အခါကျတော့ မိသားစု တွေ   ပြန်လည်ပေါင်းစည်းရေးပေါ့ စစ်တပ်ဖွဲ့ဝင်များ ၊ မိသားစုများ IDP များ Refuge များပူးပေါင်းရေးကို ဆောင် ရွက်သွားမှာပါ။” ဟုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီက ပြောသည်။
ကွဲကွာနေသော တိုင်းရင်းသားညီအကိုမိသားစုများအား ပြန်လည်ပေါင်းစည်းပြီးနောက်တွင် ဘ၀ရပ်တည်ရေး အတွက် စီးပွားရေးလုပ်ငန်းကို နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိ ရသည်။
 “ကျန်တဲ့စီးပွားရေးလုပ်ငန်းတွေကို ဖန်တီးပေးတာက နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးမှာပါ။ နိုင်ငံတော် သမ္မတကြီး ကလည်း နိုင်ငံသူနိုင်ငံသားတိုင်းရင်းသားတွေ လွတ်လပ်စွာ သွားလာနိုင်အောင် စာပေသင်ကြားခွင့် လွတ်လပ်စွာရင်းနှီး   မြုပ်နှံခွင့် လွတ်လပ်စွာပြောဆိုခွင့် ဘ၀လုံခြုံမှု အသက်မွေးဝမ်း ကျောင်းလုံခြုံမှု ဒါတွေ အားလုံးအတွက် စီမံချက်များလည်း ရှိပါတယ်။” ဟု ၀န်ကြီး ဦးခင်ရီက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီးသည် မြန်မာတပ်မတော်နှင့် KNU(ကရင့်အမျိုးသားအစည်းအရုံး)အကြား  လိုက် နာရမည့် စည်းကမ်းများအား ချမှတ်သွားမည်ဖြစ်ပြီး အဆိုပါ စည်းကမ်းများ ချိုးဖောက်ခြင်း မရှိအောင် ဗဟိုအဆင့် ၊ တိုင်းနှင့်   ပြည်နယ်အဆင့်အထိ ညှို့နှိုင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။
ကရင်အမျိုးသားစည်းရုံးရေး အတွင်းရေးမှူး ဗိုလ်မှူးကြီး ထူးထူးလေးမှလည်း ကျောက်ကြီးမြို့နယ်သည် စစ်မြေပြင်ဖြစ်ခြင်း    ကြောင့် တပ်(၂)တပ်အဆင်ပြေရေးအား ညှို့နှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနေမဲ့ (IDP)များကိုလည်း   နော်ဝေးအကူအညီဖြင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဌာနေမဲ့လို့ခေါ်တဲ့ IDP တွေ ဒုက္ခရောက်နေတဲ့ပြည်သူတွေ ဒါကလက်တွေ့လုပ်ရမဲ့ ကိစ္စဖြစ်နေပါတယ်။ အဲ့ဒါကိုလည်း   နော်ဝေးက အကူအညီနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဓိကက ဒီနေရာက စစ်မြေပြင် ဖြစ်ခဲ့တဲ့ နေရာမို့လို့ တစ်ဖက်က တပ်တွေက ညှို့နှိုင်းပြီးတော့ လုပ်စေချင်ပါတယ်၊ ၀ိုင်းဝန်းပြီးတော့လည်း လုပ်ဆောင်ကြပါစို့လို့ ပြောချင်ပါတယ်။” ဟု ကရင်အမျိုးသားစည်းရုံးရေး အတွင်းရေးမှူး ဗိုလ်မှူးကြီး ထူးထူးလေးက ပြောကြားခဲ့သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။