Wednesday, May 30, 2012

ဓာတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်းဆီအခွန်များအား လျော့ချခဲ့သော်လည်း CNGအား တိုးမြှင့်ကောက်ခံမည်

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ စက်သုံးဆီအခွန်နှုန်းထားများအား ၁၀%သာ ကောက်ခံ သွားတော့မည်   ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှထုတ်ပြန်ချက်များအရ သိရှိရသည်။
 
စက်သုံးဆီနှုန်းထားများအား ယခုကဲ့သို့လျော့ချကောက်ခံသွားမှုသည် ၂၀၁၂ ခုနှစ် ဧပြီလ()ရက်နေ့မှ စတင်အကျုံးဝင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်ကာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 

ထိုကဲ့သို့အခွန်နှုန်းထားများ လျော့ချကောက်ခံရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဂျက်လေယာဉ်ဆီ(အောက်တိန်း) များသာပါ ၀င်ပြီး ယခင်ကကောက်ခံချင်းမရှိခဲ့သော CNG(သဘာဝဓာတ်ငွေ့)ကိုမူ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
 
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကောက်ခံမည့်နှုန်းထားများမှာ ယခင်က တစ်နှစ်လျှင် ၁၇၀% ကောက်ခံခဲ့သော ဓာတ်ဆီကို ယခု ၁၀%၊ ယခင်က တစ်နှင်လျှင် ၉၀% ကောက်ခံခဲ့သော ဒီဇယ်ဆီကို ယခု ၁၀%နှင့် ယခင်က တစ်နှစ်လျှင် ၇၅% ကောက်ခံခဲ့သော ဂျက်လေယာဉ်ဆီကို ယခု ၁၀% သို့လျော့ချကောက်ခံတော့မည်ဖြစ်ပြီး ယခင်က လုံးဝ ကောက်ခံ ခဲ့ခြင်းမရှိသော CNG(သဘာဝဓာတ်ငွေ့)ကို ယခု တစ်နှစ်လျှင် ၈% ကောက်ခံတော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
“အခုလိုအခွန်နှုန်းတွေလျော့ချလိုက်တယ်ဆိုရင်တော့ ဆီဈေးတွေက ကျသွားဖို့ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပုံမှန်အတိုင်းပဲ ရောင်းချပေးနေပါသေးတယ်”ဟု ရွှေတောင်(ST)ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှ မန်နေဂျာ ဒေါ်မြင့်မြင့်သန်းက ပြောသည်။
 
၂၀၁၂ ခုနှစ် မေလ ၃၀ နေ့ပေါက်ဈေးအရ ဓာတ်ဆီတစ်ဂါလံလျှင် ငွေကျပ် (၃၅၅၀)ကျပ်၊ ဒီဇယ်ဆီတစ်ဂါလံလျှင် ငွေကျပ် (၃၉၀၀)ကျပ်နှင့် လေယာဉ်ဆီ(အောက်တိန်း)တစ်ဂါလံလျှင် ငွေကျပ် (၄၀၅၀)ဈေးနှုန်းရှိကြောင်း ဓာတ်ဆီအရောင်းဆိုင် များက သိရသည်။
 
ထိုကဲ့သို့ စက်သုံးဆီအခွန်များ လျော့ချကောက်ခံမည်ဖြစ်သည့်အတွက် ဈေးနှုန်းများလျော့ကျလာနိုင်သည့်အပေါ်တွင် ကြိုဆိုကြောင်း အငှားယာဉ်မောင်းနှင်နေကြသူများထံက သိရှိရသည်။
 
“ဒီလိုအခွန်နှုန်းလျော့ချလိုက်လို့ ဆီဈေးတွေကျသွားမယ်ဆိုရင်ကောင်းတာပေါ့။ နို့မို့ဆို ကျွန်တော်တို့ ဆီကားသမားတွေက မကိုက်တော့ဘူး။ လူတွေကလဲ ဆီကားဆိုရင်ဈေးကြီးလို့ မငှားချင်ကြဘူး။ အမှန်က ကျွန်တော်တို့က ဈေးကြီးစေချင်လို့ မဟုတ် ပါဘူး။ ကျွန်တော်တို့ထည့်ရတဲ့ဆီဖိုးနဲ့ ကိုက်အောင်တောင်းရတာပါ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင် တက္ကစီပြေးဆွဲ နေသူ ဦးစိုးကပြောသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။