Wednesday, May 30, 2012

မြောက်ဥက္ကလာပ သုဓမ္မာလမ်းမကြီးအားတိုးချဲ့နေချိန် ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားလာ

မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးအား (၆)လမ်းသွား ကွန်ကရစ်လမ်းမကြီးအဖြစ် ဖောက်လုပ်နေချိန်တွင် ယာဉ်/လမ်းစည်းကမ်းလိုက်နာမှုမရှိခြင်းကြောင့်ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိရာမှ ပိုမိုဆိုးရွားလာကြောင်း သိရှိရသည်။

 
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သုဓမ္မာလမ်းမကြီးအား ယခင်(၄)လမ်းသွား ကတ္ကရာလမ်းမှ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်   နှစ်ဆန်းပိုင်းမှစတင်၍ (၆)လမ်းသွား ကွန်ကရစ်လမ်းမကြီးအဖြစ် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် အဆိုပါလမ်းမကြီးမှာ ၇၅%ကျော် ပြီးစီးနေပြီဖြစ်သည်။
 
“ယာဉ်မောင်းတွေကလည်း လမ်းစည်းကမ်းကို မလိုက်နာတော့ဘူး။ ကားလမ်းဖောက်နေတော့ ရှောင်လမ်း ကနေ ပြီးတော့ မောင်းခိုင်းရတော့ ကားလမ်းနည်းနည်းကြပ်တယ်။ ဒါပေမယ့် သွားဖို့လာဖို့အတွက်တော့ အဆင် ပြေပါတယ်။   ကျော်တတ်မောင်းနှင်နေကြတဲ့ ကားတွေရှိတော့ နှစ်လမ်းသွားတွေက တစ်လမ်းသွားပဲဖြစ်ကုန် တယ်” ဟု မြောက်ဥက္ကပမြို့နယ်အ၀ိုင်းရှိ တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။
 
လမ်းထိုးချဲ့ဖောက်လုပ်ခြင်းကြောင့် လမ်းလွှဲများရှိနေသော်လည်း ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများ၊  ကုန်ကားများသည် ကားကျော်တက်မောင်းနှင်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုသည် တစ်နာရီဝန်းကျင်ကြာ မြင့်ကြောင်း သိရသည်။
 
“ကျွန်တော်တို့လည်း ခရီးစဉ်အစဆုံးမောင်းရင် ကျော်တက်မောင်းကြပါတယ်။ ဒါပေမယ့် နှစ်လမ်းသွားကို အသွားတစ်လမ်း အပြန်တစ်လမ်းမှာ ကားရပ်ထားတာလဲရှိတယ်။ ကွေ့တာတွေလဲရှိတယ်။ ကျော်တက်တဲ့ ယာဉ်တွေလဲရှိတယ်။ အဲဒါတွေကို စည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့ လုပ်သွားမယ်ဆိုရင် လမ်းပိတ်ဆို့မှုနည်း သွားနိုင်တယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ သာကေတသို့ ပြေးဆွဲနေသော (၄၉)ယာဉ်လိုင်းမှ စပါယ်ယာ တစ်ဦးက ပြောသည်။
 
အဆိုပါလမ်းမကြီးမှာ  မြောက်ဥက္ကလာမြို့နယ်၏ အဓိကလမ်းမကြီးဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း၊ မင်္ဂလာဒုံ မြို့နယ်၊ ဆူးလေ၊ လှိုင်သာယာမြို့နယ်၊ သံလျင်သို့ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် အခြားယာဉ် လိုင်းများမှာ လည်း အားထားနေရကြောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း(အောင်မင်္ဂလာကားဝင်း)တစ်ခု ရှိသည်။
 
“ဒီလမ်းက အခုအသစ်ဖောက်တော့ တော်တော်လေးအဆင်ပြေတယ်။ အရင်က လမ်းဝကနေ အောင်မင်္ဂလာ ကားဝင်းကို တစ်နာရီလောက်ကြာတယ်။ အခု မိနစ် ၃၀၊ ၄၅မိနစ်လောက်ပဲကြာတော့တယ်။ အလုပ်သမားတွေ အတွက်လည်း အချိန်ကုန်သတ်သာတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံရပ်ကွက်မှ ကိုစည်သူက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။