Wednesday, May 30, 2012

အ.ထ.က(၁)နှင့်အမက(၂)စမ်းချောင်းရှိ ဝန်ထမ်းသက်သာဆိုင်ခန်းများက သမ္မတကြီးထံသို့ အသနားခံစာတင်

စမ်းချောင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)နှင့် အ.မ.က(၂)မှ ဝန်ထမ်းသက်သာဆိုင်ခန်းများအား လုပ်ငန်းပိတ်သိမ်းခိုင်းသည့် အပေါ်တွင် ဆိုင်ခန်းပိုင်ရှင်မိသားစုများက နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုး၍ အသနားခံစာ တင်ထားကြောင်း သိရှိရသည်။
 

စမ်းချောင်းမြို့နယ်၊မုန့်(တောင်)ရပ်ကွက်၊ဟံသာဝတီလမ်း အ.ထ.က(၁)စမ်းချောင်းမှ ဝန်ထမ်း သက်သာဆိုင်ခန်း(၂၅)ခန်းနှင့် အ.မ.က(၂)စမ်းချောင်းမှ(၂)ခန်း စုစုပေါင်းဆိုင်ခန်း(၂၇)မှ ဆိုင်ခန်း ပိုင်ရှင်များနှင့် မိသားစုများက ဆိုင်းခန်း ပြောင်းလဲ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းနှင့် ဆိုင်ခန်းများအား ပိတ်သိမ်းခြင်း မပြုရန်အတွက် နိုင်ငံတော်သမ္မတထံသို့  မေလ(၂၉)ရက်နေ့က အသနားခံစာတင်ပြ ခဲ့ခြင်း ဖြစ်သည်။
 
“(၃၀)ရက်နေ့ကို အပြီးပိတ်ပါ။ မပိတ်ရင်ဒဏ်ငွေ(၅)သိန်း၊နောက်ဆိုရင်ဒဏ်ငွေ(၁၀)သိန်း ထောင်ဒဏ် ဆိုပြီးတော့   မြို့နယ်စည်ပင်က မြို့တော်ဝန်က အမိန့်ပေးတာဆိုပြီးတော့ ကျွန်မတို့ကိုလာပြောတယ်၊ ဒီကြားထဲမှာ အမိန့်စာမလာပဲနဲ့ အခုမှ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးပိတ်သိမ်းပေးပါဆိုပြီးလာတော့ ကျွန်မတို့ ကျောင်းအုပ်ကြီးနဲ့ဝင်တွေ့တယ်၊ လုံးဝအတွေ့မခံဘူး။ ပညာရေးမှူးဆီသွားတော့ စာရေး ကိရိယာနှင့် လူသုံးကုန်ပစ္စည်းများကိုသာပြောင်းလဲဖွင့်လှစ်ဖို့ အကြံပေးတယ်၊ အဲဒီနေ့မှာပဲ ချက်ချင်း ဆိုင်ခန်းတွေ အားလုံးနဲ့ အစည်းအဝေးလုပ်ပြီး ဒီကိစ္စကို သူတို့ အခြေခံ(၃)ကို တင်ပြပေးမယ် ဆိုပြီး တော့ ကျွန်မတို့ အကုန်လုံးကို လက်မှတ်ထိုးခိုင်းထိုင်းတယ်၊ (၂၄)ရက် နေ့ကျတော့ စည်ပင်က ပိတ်သိမ်းဆိုပြီးတော့ ကျွန်မတို့လာပြောတယ်၊”ဟု အ.ထ.က(၁)အနီးရှိ စာရေးကိရိယာ ဆိုင်ခန်း ပိုင်ရှင်တစ်ဦးမှပြောသည်။
 
အ.ထ.က(၁)နှင့်  အ.မ.က(၂)စမ်းချောင်းရှိ ဝန်ထမ်းသက်သာဆိုင်ခန်းများအား ၂၀၁၂-၂၀၁၃ဘဏ္ဍာ နှစ်အတွက် လုပ်ကိုင်ခွင့်မပြုကြောင်းနှင့် မေလ(၃၀)ရက်နေ့နောက်ဆုံးထား ပိတ်သိမ်းပေးရန် မြို့နယ် စည်ပင်မှ မေလ(၂၄)ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ခဲ့သည်။
 
အဆိုပါ ပိတ်သိမ်းခိုင်းသည့်ဆိုင်ခန်းများသို့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များက မေလ(၂၉)ရက်နေ့က  လာရောက်တွေ့ဆုံအားပေးခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
“ကားအလှဆင်ပစ္စည်းရောင်းချခွင့်မပြုပဲ၊ စာရေးကိရိယာနှင့်လူသုံးကုန်ပစ္စည်းများသာ ရောင်းပါဆိုတဲ့ အမိန့်စာအစောကြီး ကတည်းက ရောက်လာမယ်ဆိုရင် ဆိုင်ခန်းပိုင်ရှင်တွေဘက်ကလည်း ရောင်းပေး မယ်ဆိုတဲ့ သဘောမျိုးကို ကျွန်တော် တွေ့ရတယ်၊ သို့သော်အမိန့်စာဟာ အချိန်မှီမရောက်လာတဲ့ အတွက် ဆိုင်ခန်းပိုင်ရှင်တွေ မသိလိုက်ရဘူး ဖြစ်တယ်၊ အဲဒါဟာ အချိန်မှီမပို့တဲ့ ဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်တယ်။ အခုမှ လက်မှတ်ထိုးပြီးတင်ပြတဲ့ကိစ္စဟာ တရားဥပဒေနဲ့ ညီတဲ့အတွက် ဆက်လက် လုပ်ဆောင်သွားပါ၊ ကျွန်တော်တို့ အားပေးသွားမှာပါ။” ဟု(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောသည်။
 
မေ(၃၀)ရက်နေ့တွင် အထက(၁)စမ်းချောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်စန္ဒာမြငြိမ်းထံသို့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးအောင်ခင်က လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
 
အ.ထ.က(၁)နှင့် အ.မ.က(၂)စမ်းချောင်းရှိ ၀န်ထမ်းသက်သာဆိုင်ခန်းဋ္ဌားရမ်းလုပ်ကိုင်သူ ဦးမင်းကြည် အပါအ၀င်အ၀င် (၁၇)ဦးက ဆိုင်ခန်းဆက်လက်ဖွင့်လှစ်ခွင့်ပြုရန် အသနားခံတင်ပြလာမှုအပေါ်တွင် ဇန်န၀ါရီလ(၂၇)ရက်နေ့က ပြုလုပ်သော တိုင်းဒေသကြီးအစည်းအဝေးအမှတ်စဉ်(၄/၂၀၁၂)အရ ကားအလှဆင်ပစ္စည်းရောင်းချခွင့်မပြုကြောင်း၊ စာရေးကိရိယာနှင့် လူသုံးကုန်ပစ္စည်းများကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်းနှင့် အဆိုပါ ပလက်ဖောင်းနေရာများတွင် ဖြူနီကြားရေးဆွဲ၍ ယာဉ်ရပ်တန့်မှုမရှိစေရေး သတ်မှတ်ကြိးကြပ်ဆောင်ရွက်သွားရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ အုပ်ချုပ်ရေးမှူးရုံးက ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ လလယ်ပိုင်းက သတင်းထုတ် ပြန်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။