Wednesday, May 30, 2012

အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတရပ် မေလ ၂၉ ရက်နေ့ ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး အပြည့်အ၀ မရမချင်း သုံးရက်ဆက်တိုက် ဆက်လက်ပြုလုပ်သွား
ကြမည်ဟု သိရသည်။
alon6
“အခုလို လာဆန္ဒပြရတာ လျှပ်စစ်မီး မရလို့ပါ။ လျှပ်စစ်မီး မြန်မြန်ပြန်ရစေချင်ပါပြီ။ ဒါပေမယ့် အခုထိ မီးက မမှန်သေးဘူး။ မီးမမှန်သေးဘူးဆိုရင် ကျနော်တို့က ဆန္ဒဆက်ပြရဦးမှာပါ။ ဒီနေ့ကနေ ၃ ရက် ဆက်လက်ဆန္ဒပြမယ်။ အဲဒါမှ မရသေးဘူး ဆိုရင် ဇွန်လ ၆ ရက်နေ့မှာ ဆက်လက်စုရုံးပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားမှာပါ” ဟု အလုံမြို့နယ်နေ ဆန္ဒပြ လူငယ်တဦးက ပြောသည်။

ဆန္ဒပြသူ တရာကျော်သည် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ရုံးရှေ့တွင် စတင်စုဝေးခဲ့ကြပြီး ထိုမှတဆင့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်လျက် စီတန်းလှည့်လည်ကာ စောရန်ပိုင် အရှေ့ရပ်ကွက် သစ်တောလမ်းရှိ ပြည်တော်အေး
စေတီသို့ သွားရောက်ကာ ၀တ်ပြုဆုတောင်းခဲ့ကြသည်။

“ဒီမိုကရေစီခေတ်မှာ အမှောင်ထဲမှာ ထိုင်ပြီး မနေနိုင်တော့ပါဘူး” ဟု ပြည်တော်အေး စေတီထိပ်တွင် အလုံမြို့နယ်နေပြည်သူတဦးက မဇ္ဈိမကို ပြောသည်။

အလုံရဲစခန်း၊ အလုံ လျှပ်စစ်ဓာတ်အားပေးရုံး ရှေ့တို့တွင် စုရုံးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

၁ နာရီခန့် ကြာမြင့်ခဲ့သော ဆန္ဒပြမှုတွင် သက်ဆိုင်ရာ အာဏာပိုင်နှင့် ရဲတပ်ဖွဲ့များမှ ဆန္ဒပြ ပြည်သူများအား တစုံတရာ အနှောင့်အယှက်ပေးမှု မရှိခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်မြိုကတွင် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီး အလုံအလောက် ရရှိရေးအတွက် ဆန္ဒပြမှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင် ဧပြီလဆန်းမှ စတင်ကာ အုပ်စုခွဲ၍ လျှပ်စစ်မီးများကို အလှည့်ကျ ဖြန့်ဖြူးပေးနေခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။