Saturday, May 12, 2012

ပျောက်ကွယ်မည့်ဘေးရင်ဆိုင်နေရသော အာရှဗိသုကာစာရင်းတွင် မြောက်ဦးမြို့ဟောင်းပါဝင်

ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေ အဖွဲ့ (Global Heritage Fund) အစီရင်ခံစာအရ အာရှတိုက်တွင် ပျက်စီးပျောက်ကွယ်မည့်ဘေးနှင့် ရင်ဆိုင်နေရသောအာရှဗိသုကာလက်ရာများ စာရင်းတွင် ရခိုင်ပြည်နယ်ရှေ့ဟောင်းမြောက်ဦးမြို့ဟောင်း ပါဝင်သည်။
 ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့က မေလ(၃)ရက်နေ့ ထုတ်ပြန်ထားသော အစီရင်ခံစာတွင် အာရှတိုက် အတွင်း ပြန်လည် အစားထိုးမရနိုင်သော ပျက်စီးဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရသည့် ရှေးခေတ်ဗိသုကာလက်ရာ များရှိသည့်(၁ဝ)နေရာအား ၄င်းအစီရင်ခံစာတွင် ဖော်ပြထားပြီး ရခိုင်ပြည်နယ်က ရှေ့ဟောင်းမြောက်ဦးမြို့ တော်ဟောင်းမှာ အမှတ်(၆)နေရာတွင်   ဖော်ပြပါရှိသည်။

“ရခိုင်လူမျိုးတွေရဲ့နောက်ဆုံးမင်း နန်းစိုက်ခဲ့တဲ့မြို့ဖြစ်သလို ရှေ့ဟောင်း သမိုင်းအမွေအနှစ်တွေ အများရှိတဲ့ နေရာဖြစ်တယ်၊ ယဉ်ကျေးမှု အနုပညာလက်ရာတွေ အထွန်းကား ဆုံးနေရာဖြစ်တယ်၊ အဲဒီ ရှေးဟောင်း အမွေ အနှစ်တွေကို ပြန်လည်ပြုပြင်မှု အားနည်းလာတာကြောင့် မြောက်ဦး မြို့ဟောင်းဟာလည်း ပျောက်ကွယ်စပြု နေပြီ၊ နန်းတော်ကုန်းဆိုရင်လည်း ပြုပြင်မှု မရှိတာကြောင့် ပျက်စီးနေပြီ’’ ဟု မြောက်ဦးမြို့မှသုတေသီတစ်ဦး ကပြောသည်။
 
ပြန်လည်အစားထိုးမရနိုင်သော ပျက်စီးဆုံးရှုံးများနှင့် ရင်ဆိုင်နေရသော ရှေးခေတ်ဗိသုကာလက်ရာများ ၊ပျက်စီးပျောက်ကွယ်မည့်ဘေး ရင်ဆိုင်နေရသော အာရှဗိသုကာလက်ရာများစာရင်းတွင် ထိုင်း၊ဖိလစ်ပိုင်၊ တရုတ်၊ဘင်္ဂလာဒေ့ရှ်၊အာဖဂန်နစ်စ္စတန်၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဟောင်းတို့ပါဝင်သည်။

ပြည်ပနိုင်ငံခြားခရီးသွားများစိတ်ဝင်စားသည့် မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ခေတ်အဆက်ဆက် ဘုရင်များအုပ်ချုပ်လာခဲ့သော မြို့တော်ဖြစ်သလို နောက်ဆုံးမင်းမဟာသမတ နန်းစိုက်ခဲ့သည့် မြို့တော် ဟောင်းဖြစ်သည်။ ရှေးဟောင်းနန်းတော်၊ ကျုံး၊ဘုရားပုထိုး၊  ဗိသုကာလက်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာမြို့တော်လည်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။