Saturday, May 12, 2012

ရပ်/ကျေး ဥပဒေများအား NNDPက ဆွေးနွေးပွဲ ပြုလုပ်ပေးမည်

ပြည်သူများအနေဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေ များအား သိရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်က ဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 
“နည်းဥပဒေတွေ မထွက်သေးပေမယ့် လုပ်နိုင်တဲ့အချက်အလက်တွေကို ဖော်ပြတဲ့သဘောပါ။ အခု ရပ်ကွက် တွေမှာ ရပ်ကွက် အုပ်ချုပ်ရေးမှုးကို ပြည်သူတွေက မကြိုက်ကြတာကို တွေ့ရတယ်။ ဒီဥပဒေတွေထဲမှာ ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှုးကို မကြိုက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာရယ်၊ ဘယ်လိုအချက်တွေ ၀င်လာရင် အရေး ယူလို့ရတယ် ဆိုတာတွေကို ပြည်သူလူထုသိအောင် ချပြမယ့်သဘောပါ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ သင်္ယန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က   ပြောသည်။  
 
အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား မေလ(၂၇) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီဝင်များနှင့် စိတ်ပါဝင်စားသော မည်သူမဆိုလာရောက် ဆွေးနွေးနိုင်ကြောင်း၊ နောက်ပိုင်းတွင်လည်း တစ်လတစ်ကြိမ်ပုံမှန်ကျင်းပနိုင်ရန် စီစဉ် လျှက်ရှိကြောင်း သိရသည်။ 
 
“ကျွန်တော်တို့ရပ်ကွက်မှာလဲ ဒီလိုမျိုးတွေ လာဟောပြောပေးနိုင်ရင် ကောင်းမှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးက ပြည်သူတွေဘက်ကို မကြည့်ဘူး။  တကယ်လို့ ဒီလိုဥပဒေတွေ ထွက်လာမယ်ဆိုရင် ကျွန်တော်ကတော့ အပြည့် အ၀ထောက်ခံပါတယ်” ဟု မြောက်ဒဂုံမြို့နယ် (၄၃)ရပ်ကွက်မှ ကိုမော်စီက ပြောသည်။    
 
အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူများအနေကြုံတွေ့နေရသော ဆင်းရဲမှုပပျောက်ရေးနှင့် လူထုအခက် အခဲများအား ကူညီပေးနိုင်ရန် လာမည့် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးတွင် အမြန်ဆုံးတင်ပြ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် လုပ်ငန်းရှင်တစ်ယောက်၏ အကူအညီယူကာ သင်္ကန်း ကျွန်း ရပ်ကွက်တွင် အ၀ီစိတွင်း (၂)တွင်းကို တူးဖော်ပေးလျှက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။