Saturday, May 12, 2012

ခရီးသွားများ အားကိုနေရသော မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အချိန်ပြောင်းလဲမှုများရှိ

ကချင်ပြည်နယ် မြစ်ကြီးနားသို့ ခရီးသွားလာရာတွင် ကားလမ်းနှင့်လေကြောင်းခရီးထက် စရိတ်ပိုမို သက်သာ သော မီးရထားကိုသာ ပိုမိုအားပြုသွားလာလျက်ရှိပြီး၊ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် အချိန် ပြောင်းလဲပြေးဆွဲမှုများ ရှိကြောင်း သိရသည်။

 
မြစ်ကြီးနားသို့ မန္တလေးမြို့မှ ပြေးဆွဲလျက်ရှိသော မီးရထားများမှာ တစ်နေ့လျင်(၅)စီးပြေးဆွဲလျက်ရှိကြောင်း၊ ယခုအခါတွင် အချိန်ပိုင်းသာ ပြောင်းလဲပြေးဆွဲလျက်ရှိပြီး နံနက်(၄း၃၀)၊ နေ့လည်(၁း၀၀)နာရီ၊နေ့လည်(၂း၁၀)၊ ညနေ(၄း၂၀)နှင့် (၆း၄၀)တစ်စီး ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း မန္တလေးဘူတာကြီး၊ ရုံပိုင်ချုပ်ရုံးက သိရှိ ရသည်။
 
မန္တလေးမှ မြစ်ကြီးနားသို့သွားသော ရိုးရိုးတန်းလက်မှတ်ခများမှာ (နံနက်-၄း၃၀)ရထားမှာ ကျပ်(၇၅၀၀) ကျပ်၊ နေ့လည်(၁း၀၀) နာရီရထားမှာ ကျပ်(၉၅၀၀)ဖြစ်ပြီး၊ ညနေပိုင်းရထားများမှာ ကျပ်(၄၅၀၀)ရှိပြီး၊ အထူးတန်းနှင့် အိပ်စင်များမှာ ကျပ် (၁၅၀၀၀)မှ (၂၅၀၀၀)အထိရှိကြောင်း သိရှိရသည်။ 
 
“ကချင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်နေတာတို့၊ ဗုံးပေါက်ကွဲမူတွေဖြစ်နေတော့ လေယာဉ်တွေရော၊ ကားလိုင်း တွေ ပြေးဆွဲတာ နည်းသွားတယ်။ လေယာဉ်ခ မတက်နိုင်ဘူး ကားခလည်း မတက်နိုင်တော့ မီးရထားကိုပဲ အား ကိုးနေရတယ်၊ မီးရထားကလည်း   နောက်ပိုင်း အချိန်ပြောင်းတယ်ကြားတယ်၊”ဟု  မြစ်ကြီးနားသို့ ပြန်မည့် မသီတာအေး ကပြောသည်။
 
ရန်ကုန်မှမြစ်ကြီးနားသို့ တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းများလည်းရှိကြောင်း သိရှိရသည်။ ၄င်းတို့မှာ Air KBZ၊ Air Bagan နှင့် အခြားလေကြောင်းလိုင်းများရှိပြီး လေယာဉ် လက်မှတ်ခမှာ ၁ သိန်း ၄သောင်းကျပ် ၀န်းကျင်ရှိကြောင်းနှင့် မန္တလေး-မြစ်ကြီးနား လေယာဉ်လက်မှတ်ခမှာ ကျပ် (၈)သောင်းဝန်းကျင်ရှိသည်။
 
“လေယာဉ်မစီးနိုင်ဘူးလေ မီးရထားပဲစီးနိုင်တယ်၊ ကားခကလည်း တစ်သောင်းခွဲလောက်ဆိုတော့ မတက်နိုင် ဘူး။ မီးရထားက ငါးထောင်/တစ်သောင်းလောက်ဆိုရတယ်။ မီးရထားလမ်းတွေမှာ ဗုံးပေါက်တယ် ဆိုပေမယ့် လည်း တက်နိုင်တာပဲစီးနေရတယ်။ စားဖို့သောက်ဖို့ မိသားစုနဲ့တွေ့ဖို့ဆိုတော့လည်း မဖြစ်မနေသွားလာနေရ တယ်။ အဲလိုမျိုးတွေမဖြစ်ပဲ အားလုံးပြေလည်နေမယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု မန္တလေးမှ ဗန်းမော်နှင့် မြစ်ကြီးနားသို့ ခရီးသွားလာနေရသူ ကိုဇော်ထွန်းကပြောသည်။
 
ရန်ကုန်-မြစ်ကြီးနား လေယာဉ်လက်မှတ်ခနှင့် ကားလက်မှတ်ခမှာ ကျပ်(၁၁၀၀၀၀)၀န်းကျင်၊ ကားလက်မှတ် နှင့် မီးရထားလက်မှတ်ခမှာ ကျပ်သောင်းဂဏန်းဝန်းကျင် ကွာဟလျက်ရှိသည်။
 
ကားလမ်းခရီးဖြင့် ခရီးသွားလိုသူများအနေဖြင့် ရန်ကုန်မှ မြစ်ကြီးနားသို့ ရန်ကုန်မှတဆင့် မန္တလေး၊ မန္တလေးမှ တဆင့် ဗန်းမော်၊ ဗန်းမော်မှ မြစ်ကြီးနားသို့ သွားလာရပြီး လက်မှတ်ခမှာ ရန်ကုန်မှ မန္တလေးသို့ ကျပ်(၁၁၀၀၀) ၀န်းကျင်၊ မန္တလေးမှ ဗန်းမော်သို့ ကျပ်(၁၃၀၀၀)၀န်းကျင်ရှိကြောင်း သိရသည်။
 
“ကျွန်တော်တို့ ကားလိုင်းတွေတော့ ဆွဲပါတယ်။ မြစ်ကြီးနားအထိတော့ မရောက်ဘူး။ ဗန်းမော်အထိကို ၁ သောင်း ၃ ထောင်ပါ။ စီးပွားရေးသမားတို့ ဒေသခံတွေကတော့ သူတို့နယ်ဆိုတော့ ဘာဖြစ်ဖြစ်သွားလာနေကြ ရတာပဲ။ ခရီးသည်တွေအနေနဲ့ ကံဆိုးကံကောင်းနဲ့ သွားလာနေရတာ ထက်ဆာရင် လမ်းပန်းဆက်သွယ်မူတွေ ကောင်းမွန်စွာနဲ့ သွားလာနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု မန္တလေးမှ ဗန်းမော်သို့ ပြေးဆွဲနေသော ရွှေခြင်္သေ့ယာဉ် လိုင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။