Saturday, May 12, 2012

တစ်နှစ်စောင့်ကြည့်သွားမည်ဟု ပိုလန်နိုင်ငံခြားရေးဝန်ကြီးပြောကြား၊ပညာသင်ဆုအတွက် သဘောတူညီ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်မှုရှိမရှိကို တစ်နှစ်အတွင်းစောင့်ကြည့်၍ မူဝါဒများကို ပြန်လည်သုံးသပ် သွားမည်ဟုပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr. Radoslaw Sikorski က ပြောကြားခဲ့သည်။
 
 “စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံဟာ အရေးယူ ဒဏ်ခတ်မှုတွေကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတယ်လို့တော့ မပြောနိုင်တော့ပါဘူး။ ကျွန်တော်တို့ သတိပေး ပြောချင်တာကတော့ ပြုပြင်ပြောင်းလဲမှုတွေ ကို နောက်ကြောင်း ပြန်လှည့် မသွားဖို့ပါ။ အဲဒါကို တစ်နှစ်အတွင်း  သေချာအောင် စောင့်ကြည့်ပြီး မူဝါဒတွေကို ပြန်လည် သုံးသပ်မှာဖြစ်တယ်”ဟု Mr. Radoslaw Sikorski ကပြောသည်။



မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်၌ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။


အဆိုပါ တွေ့ဆုံပွဲ၌ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု များအတွက်
အကူအညီပေးချင်သူများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြသူများအနေဖြင့် တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လုပ်ကိုင်မည့်
အစီအစဉ်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်းနှင့် ပြည်မကြီး ဒေသမှပြည်သူများထက် တိုင်းရင်းသားလူနည်းစုဒေသမှ   ပြည်သူများက ပိုပြီးဆင်းရဲသည့်အတွက် အကူအညီများ ပိုမိုလိုအပ်နေကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။




ပိုလန်နိုင်ငံနှင့် မြန်မာနိုင်ငံနှစ်နိုင်ငံအကြားသတ္ထုတွင်းလုပ်ငန်းနှင့် ဘူမိဗေဒဆိုင်ရာသဘောတူညီချက် စာချုပ်ကို
ချုပ်ဆိုခဲ့ပြီးစာချုပ်ပါ သဘောတူညီချက်အရ မြန်မာနိုင်ငံသားများအတွက်ပိုလန်သတ္တုတူးဖော်ရေး တက္ကသိုလ်တွင် ပညာသင်ဆု ၁၀ ဆု၊ အလုပ်သင်ပညာဆု ၁၀ ဆုနှင့် အစိုးရကိုယ်စားလှယ် အယောက် (၄၀)အတွက် သင်တန်းအား ပိုလန်နိုင်ငံတွင်   သင်ကြားနိုင်ရန် စီစဉ်ပေးသွားမည်ဟု သိရသည်။

မြန်မာပြည်ခရီးစဉ်အတွင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပိုလန်နိုင်ငံမှ စီးပွားရေးကုမ္ပဏီများလည်း အတူ ပါလာခဲ့ပြီး
အဆိုပါကုမ္ပဏီများ၏ ရှယ်ယားအများစုကို ပိုလန်အစိုးရမှ ပိုင်ဆိုင်သော်လည်း ပုဂ္ဂလိက ကုမ္ပဏီများ အဖြစ် အမြတ်နည်းနည်း ဖြင့် ရပ်တည်နေသောကုမ္ပဏီများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း များလုပ်ကိုင်လိုကြသော်လည်း မြန်မာနိုင်ငံ အစိုးရအပေါ် မူတည်ကြောင်း နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပိုလန်နိုင်ငံခြားရေး ၀န်ကြီး   Mr. Radoslaw Sikorski က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။