Saturday, May 12, 2012

ဒေါ်စု ပတ်စ်ပို့ ရပြီးသော်လည်း (၈၈)အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့ လက်ရှိအချိန်ထိ မရသေး

လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ရရှိပြီဖြစ်သော်လည်း နိုင်ငံရေးအကျဉ်းသားများထဲမှ အချို့မှာ လက်ရှိအချိန်အထိ ပတ်စ်ပို့ရရှိခြင်း မရှိသေးကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
 
 
ဒေါ်အောင်ဆန်းစုကြည်မှ မေလ(၄)ရက်နေ့က နိုင်ငံကူးလက်မှတ်ရရပြီဟု သက်ဆိုင်ရာက အကြောင်းကြား ထားကြောင်း ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံကူလက်မှတ်ရရှိပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။
 
နိုင်ငံကူးလက်မှတ်များအား (၈၈)မျိုးဆက်ကျောင်းသားများအနေဖြင့် အယောက်(၂၀)ကျော်လျှောက် ထားခဲ့ သော်လည်း အခုထိ ရရှိခြင်းမရှိသေးကြောင်း သိရှိရသည်။
 
“ကျတော်တို့က လျှောက်ထားတာကြာပြီ၊ မတ်လ ၁၅လောက်ကတည်းက၊  အခုထိမသိရသေးဘူး ဖြစ်နေတယ် ဘာဖြစ်လို့လည်းတော့ အတိကျမသိရသေးဘူး၊ ကိုမင်းကိုနိုင် ကိုလည်း ကနေဒါနိုင်ငံက ဆုယူဖို့ဖိတ်ထားတယ်လို့ ကြားတယ် အခုထိ ပတ်စပို့မရသေးလို့ သွားဖြစ်ဖို့ မသေချာသေးဘူး” ဟု  (၈၈)မျိုးဆက် ကျောင်းသား ကိုစိုးထွန်းက ပြောသည်။
 
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဋ္ဌေးကြွယ်က  နိုင်ငံသား တစ်ဦးအနေဖြင့် နိုင်ငံကူးလက်မှတ်ရှိသင့်တယ်ထင်၍ လျှောက်ထားသော်လည်း လက်ရှိအချိန်ထိ မရသေးကြောင်း ဆိုသည်။
 
၈၈ မျိုးဆက်ကျောင်းသားများသာမက ပုဒ်မ(၅၀၅)ဖြင့် အကျဉ်းကျခံခဲ့ရသူ ဘလော့ဂ်ဂါ ကိုနေဘုန်း လတ်မှာလည်း ပြည်ပ ခရီးစဉ်သွားရန်အစီစဉ်ရှိကြောင်း သိရှိရသည်။
 
“လွှတ်လာထဲက ပတ်စပို့လျှောက်ထားတာကြာပြီ၊ အခုထိမရသေးတာ ပတ်စပို့ရရင် အမေရိကန် မှာလုပ်တဲ့ Iowa University IWA(International Writing Program) က ဖိတ်ထားတယ် အဲဒီကို သွားမယ် ၈ လပိုင်းမှာ သွားရမှာ ဟိုမှာ ၃ လလောက်ကြာမယ်”ဟု ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် ကပြောသည်။
 
(၈၈) မျိုးဆက်ကျောင်းသားများအပါအ၀င် ယုံကြည်ချက်အကျဉ်းသားအချို့မှာလည်း လက်ရှိအချိန်ထိ  နိုင်ငံကူး လက်မှတ်မရရှိသေးကြောင်းသိရှိရသည်။
 
“ဘယ်လိုမျိုးပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခွဲခြားဆက်ဆံတာနဲ့အတူတူပါပဲ။ လူ့အခွင့်အရေးမျှတမှုမရှိဘူး။ အရင် လျှောက် ထားတာ (၅)လလောက်ရှိပြီ။ အခုလဲ ဆေးစာနဲ့တကွ ထပ်ပြီးတော့ တင်ထားတယ်။ နှစ်ပတ်လောက် စောင့်ပါလို့ ထပ်ပြောတယ်။ ကျွန်မမှာ ပတ်စ်ပို့ရရင် ဆေးသွားကုဖို့လဲရှိတယ်။ ကျောင်းသွားတက်ဖို့ ကိစ္စတွေ လည်း ရှိပါတယ်” ဟု  ၂၀၀၇နောက်ပိုင်း ကျောင်းသူ တစ်ဦးဖြစ်သည့် မနွဲ့နှင်းရည်(ခ)နိုးနိုး ကပြောသည်။
 
နိုင်ငံကူးပတ်စ်ပို့များကို ထိုကဲ့သို့ ခွဲခြားပြီးပေးသည်မှာ မဖြစ်သင့်ကြောင်း တကယ်တမ်းတိုးတက် ပြောင်းလဲ နေသော နိုင်ငံဆိုပါက ထိုကဲ့သို့မပြုလုပ်သင့်တော့ကြောင်း မနွဲ့နှင်းရည်ကပြောသည်။
 
“ဒီကိစ္စက ဘယ်လိုပုံစံမျိုးနဲ့ လုပ်ပေးနေတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ကျွန်တော်ဆိုရင်(၇) လပြည့် တော့မယ်။ ရက်ပိုင်းပဲလိုတော့တာ အခု ထိဘာမှမထူးဘူး။ မူအတိုင်းပေးတာလား လူပေါ်မူတည်ပြီး ပေးတာလားမသိဘူး။ ရတဲ့လူကရတယ်။ မရတဲ့လူကမရဘူး။ ၁၀ ယောက်မှာ ၉ ယောက်လောက်ကမရဘူး။ အဲလိုမျိုးတွေ ဖြစ်နေတယ်” ဟု ကိုအာကာဗိုလ်(၈၈ မျိုးဆက်ကျောင်းသာများ) ကပြောသည်။
 
၎င်းတို့အနေနှင့်လည်း တစ်ဖက်တစ်လမ်းမှ တိုင်းပြည်ကောင်းကျိုးအတွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပတ်စ်ပို့ မရသည့်အတွက် နိုင်ငံရပ်ခြားတွင် သွားရောက်တက်ရမည့် ရက်တိုသင်တန်းများ တွေ့ဆုံပွဲများအားလက်လွတ် ဆုံးရှုံးခဲ့ရကြောင်း ၎င်းကပြောသည်။
 
“ကျွန်တော်ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးဘာမှတော့ မပြောလိုပါဘူး။ လက်ရှိကတော့ ကျွန်တော့်အတွက် အများကြီးနစ်နာတယ်။ ဒီကိစ္စတွေက မဖြစ်သင့်တဲ့ကိစ္စတွေပါ”ဟု ၎င်းကဆက်၍ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။