Saturday, May 12, 2012

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းစာရှင်းလင်းပွဲ ပထမဆုံးအကြိမ်ပြုလုပ်

ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဦးလှမြင့် ရှင်းလင်း နေစဉ်။ ဓာတ်ပုံ -စောသိန်းဝင်း
ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

 အဆိုပါ သတင်းစာရှင်းလင်းပွဲ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခန်းမ(၄)တွင် မေ ၁၁ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဌနှင့် ယင်းဌာနမှ အရာရှိကြီးများ တက်ရောက်ခဲ့သည်။

''ယာဉ်ကြော  ရှင်းလင်း ဖို့အတွက် လမ်းတိုးချဲ့တဲ့အခါ ဦးဝိစာရလမ်း အလယ် ကျွန်းက ရေတမာပင် ၁၆ပင် ပါသွားပါ တယ်။ အပင်ကြီး ဖြစ်တော့ အမြစ်တွေက ဘယ်လိုမှ ရွှေ့ပြောင်းစိုက်လဲ မရှင်နိုင်ပါ ဘူး။ အပင်လတ် ခရေပင် ၁၅ပင်ကို ရွှေ့ပြောင်း စိုက်ပါတယ်။ အပင်ခုတ်တာ လိုအပ် ချက်ရှိလို့ လုပ်ရတာပါ။ ရန်ကုန်မြို့တော် စိမ်းလန်းဖို့ စည်ပင်မှာ အများကြီး တာဝန် ရှိပါတယ်။ သစ်ပင်ကို ချစ်တဲ့စိတ်၊ မြတ်နိုး တွယ်တာစိတ်ရှိပါတယ်။ သူများခုတ်ရင် ကာကွယ်ရ တဲ့သူဖြစ် ပါ တယ်။ မတတ်သာ လို့ သစ်ပင်ကို ဖယ်ရခြင်း  ဖြစ်ပါတယ်'' ဟု မြို့တော်ဝန်ဦးလှမြင့်က ရှင်းလင်းပြော ကြားသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် နှစ်စဉ်  သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ပြီး စိုက်ပြီးသစ်ပင် ရှင်သန်မှု ရှိမရှိကိုပါ စစ်ဆေးကာ ယခုနှစ်မိုးရာသီ တွင်လည်း စိုက်ပျိုးရန် ပြင်ဆင်ထား ကြောင်း၊ စိုက်ပြီးသစ်ပင်များ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ရှင်သန်မှု ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျ စေရန်အတွက် ဦးဝိစာရလမ်းကို တိုးချဲ့ရ ခြင်းဖြစ်ပြီး လမ်းတိုးချဲ့ခြင်းမပြုမီ ဧပြီ ၂၀ ရက်မှ စတင်ကာ ရှစ်ရက်ကြာ ကွင်းဆင်း ၍ ဒေတာကောက်ယူခဲ့ကြောင်း၊ ဘယ် ကွေ့ကား များမှာ မလိုအပ်ဘဲ ယာဉ်ကြော ပိတ်ဆို့မှုများရှိနေ၍ ယင်းသို့ဆောင်ရွက်  ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ကြော ရှင်းလင်းရေး အတွက် လေးလမ်းသွား  ကားလမ်းများတွင် လေးလမ်းစလုံး အပြည့်အဝ  ဖွင့်နိုင်ရန်အတွက် မီးပွိုင့်များ၌ ဘယ်ကွေ့  ယာဉ်ကြောနှင့်ညာ ကွေ့ယာဉ်ကြောများကို လမ်းချဲ့ခြင်းနှင့် လမ်းခင်းခြင်းများကို ဆောင်ရွက် ရန်တင်ပြပြီး ပထမဆုံး အနေဖြင့် ဦးဝိစာရမီးပွိုင့်ကို ဆောင်ရွက်ခဲ့ကြောင်း အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှ ဌာနမှူး   ဦးတင်မောင် ကြည်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းမ်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။