Tuesday, May 21, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ကွန်ရက်မှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သော ဥပဒေမူကြမ်းအား ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ကွန်ရက်မှ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်သော ဥပဒေမူကြမ်းကို အချက် ၁၁ ချက်ဖြင့် ကန့်ကွက်လိုက်ကြောင်း မေ ၁၅ ရက်က ရန်ကုန်မြို့တွင် ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများ ကွန်ရက်၏ သဘောထား ကြေညာချက်အရ သိရသည်။

တောင်သူလယ်သမားများ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်မပေးထားခြင်း၊ ချေးငွေ ထောက်ပံ့ကြေးနှင့် ဆိုင်သော ပြဋ္ဌာန်းချက်များတွင် လယ်မြေဧက အနည်းငယ်သာ ပိုင်ဆိုင်သော တောင်သူလယ်သမားငယ်များကို အကာအကွယ် ပေးနိုင်မည့် အချက်များ မပါရှိခြင်း၊ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းကြီးများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခြင်းတို့ကြောင့် လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးနစ်နာမှု မရှိစေရန် အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်များ မပါရှိခြင်း စသည့် အချက်တို့ကြောင့် ဥပဒေမူကြမ်းအား ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

''မေ ၁၄ ရက်က ဒီဥပဒေမူကြမ်းကို ကျွန်တော်တို့ရတယ်။ ၁၅ ရက်နေ့ ကျွန်တော်တို့ ကွန်ရက်က တောင်သူကိုယ်စားလှယ် ၂၆ ဦးလောက် ဆွေးနွေးတယ်။ အဓိက က ဒီဥပဒေမူကြမ်း ရေးဆွဲတုန်းကလည်း တောင်သူလယ်သမားတွေ မပါဘူး။ မူကြမ်း ဖတ်ကြည့်လိုက်တော့လည်း တောင်သူတွေရဲ့ အကျိုးကို ကာကွယ်ထားတာ လုံးဝမပါပါဘူး။ စုပေါင်းလယ်ယာ စနစ်ကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းတွေမှာ ထည့်ထားတော့ ဥပဒေ အကာအကွယ်ကို တောင်သူလယ်သမားတွေ မခံစားရဘဲ စုပေါင်းလယ်ယာ လုပ်ကိုင်မယ့် အရင်းရှင် ကုမ္ပဏီတွေ ခရိုနီတွေပဲ အကျိုးရှိစေမယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများကွန်ရက် တာဝန်ခံ ကိုစည်သူက ပြောကြားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သော ဥပဒေအား တောင်သူလယ်သမား ကိုယ်စားလှယ်များ တောင်သူခေါင်းဆောင်များ ပါဝင်ဦးဆောင်ပြီး ဥပဒေပညာရှင်များ၏ အကြံပြုချက်ရယူကာ ယခင်ရှိခဲ့ပြီးသော ဥပဒေများနှင့် နိုင်ငံတကာ သင်ခန်းစာများကို ရယူ၍လုံလောက်သော အခြေအနေ အတိုင်းအတာထိ ပြင်ဆင်သုံးသပ်ပြီးမှ လွှတ်တော်သို့ တင်သွင်းသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများ ကွန်ရက်ကို တောင်သူလယ်သမား သမဂ္ဂများ၊ တောင်သူလယ်သမား အခွင့်အရေး တက်ကြွဆောင်ရွက်သူများဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က စတင်ဖွဲ့စည်းကြောင်း သိရသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ယခုသီတင်းပတ် ပြည်တွင်း အခေါက်ရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းအထက်တွင် ရှိခဲ့ကြောင်း ရန်ကုန် ရွှေကုန်သည်များထံမှ သိရသည်။ “မေ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းအထက်မှာ ရပ်တည်ဖြစ်ပေါ် ခဲ့တာပါ။ ကျပ် တသောင်းကျော်လောက်ကို ကွာခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးမောင်အေး က ပြောသည်။ လက်ရှိဈေးကွက်တွင် အရပ်ဝယ်လက်များကလည်း ဖြစ်ပေါ်နေသည့် ရွှေဈေးတန်းကို ကြိုက်သဖြင့် ရွှေများ ထုတ်ရောင်းမှု ရှိနေခြင်း၊ မန္တလေးနှင့် မော်လမြိုင်တို့ဘက်မှ ပုံမှန် ရွှေအဝင်ရှိနေခြင်းတို့ကြောင့် ဈေးကွက်တွင် ရောင်းအား များလျက်ရှိနေသည်။ “ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ် တည်မီ ဖြစ်ပေါ်နေပေမယ့် အဓိက ကတော့ ဝယ်လိုအားပါပဲ။ ဝယ်လိုအား နည်းရင် ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ တတန်းတည်း၊ ဒါမှမဟုတ် အောက်ကို ရောက်သွားတာမျိုး ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝယ်လိုအား များနေရင်ကမ္ဘာ့ရွှေဈေး အထက်မှာ ရပ်တည်တက်ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သား အဖွင့်ဈေးများအနေဖြင့် မေလ ၁၅ ရက်တွင် ၇၁၄,၀၀၀ ကျပ်ဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် ၇၁၀,၀၀၀ ကျပ်၊ မေလ ၁၇ ရက်နေ့တွင် ၇၀၅,၅၀၀ ကျပ်တို့ ဖြ

ရန်ကုန် (မဇ္ဈိမ)။   ။ ယခုသီတင်းပတ် ပြည်တွင်း အခေါက်ရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းအထက်တွင် ရှိခဲ့ကြောင်း ရန်ကုန် ရွှေကုန်သည်များထံမှ သိရသည်။

"မေ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းအထက်မှာ ရပ်တည်ဖြစ်ပေါ် ခဲ့တာပါ။ ကျပ် တသောင်းကျော်လောက်ကို ကွာခဲ့ပါတယ်" ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးမောင်အေး က ပြောသည်။

လက်ရှိဈေးကွက်တွင် အရပ်ဝယ်လက်များကလည်း ဖြစ်ပေါ်နေသည့် ရွှေဈေးတန်းကို ကြိုက်သဖြင့် ရွှေများ ထုတ်ရောင်းမှု ရှိနေခြင်း၊ မန္တလေးနှင့် မော်လမြိုင်တို့ဘက်မှ ပုံမှန် ရွှေအဝင်ရှိနေခြင်းတို့ကြောင့် ဈေးကွက်တွင်
ရောင်းအား များလျက်ရှိနေသည်။

"ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ် တည်မီ ဖြစ်ပေါ်နေပေမယ့် အဓိက ကတော့ ဝယ်လိုအားပါပဲ။ ဝယ်လိုအား နည်းရင် ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ တတန်းတည်း၊ ဒါမှမဟုတ် အောက်ကို ရောက်သွားတာမျိုး ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝယ်လိုအား များနေရင်ကမ္ဘာ့ရွှေဈေး အထက်မှာ ရပ်တည်တက်ပါတယ်" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သား အဖွင့်ဈေးများအနေဖြင့် မေလ ၁၅ ရက်တွင် ၇၁၄,၀၀၀ ကျပ်ဖြစ်ပြီး
မေလ ၁၆ ရက်နေ့တွင် ၇၁၀,၀၀၀ ကျပ်၊ မေလ ၁၇ ရက်နေ့တွင် ၇၀၅,၅၀၀ ကျပ်တို့ ဖြစ်ခဲ့သည်။

ကမ္ဘာ့ရွှေ ၁ အောင်စ အဖွင့်ဈေးမှာမူ မေလ ၁၅ ရက်တွင် ၁,၄၂၄ ဒေါ်လာ၊ မေလ ၁၆ ရက်တွင် ၁,၃၉၅
ဒေါ်လာနှင့် မေလ ၁၇ ရက်တွင် ၁,၃၇၉ ဒေါ်လာတို့ ဖြစ်ခဲ့သည်။

"ကမ္ဘာ့ရွှေဈေး ကျနေတာက လက်တလော အနေအထားအရ ဒေါ်လာငွေ မာနေတာကြောင့်ပါ။ ပြည်တွင်း
ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်ပါ ကျဆင်းနေပြီး ကမ္ဘာ့ရွှေဈေး ကျသလောက်တော့ မကျပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းငွေလဲနှုန်းက နေ့စဉ် မြင့်တက်နေတာကလည်း အခြေအနေတခုအနေနဲ့ ပါဝင်နေပါတယ်" ဟု ရွှေကုန်သည် ဦးစံမြင့် က သုံးသပ်သည်။

မေလ ၁၈ ရက်တွင် ပြည်တွင်းရွှေ အဖွင့်ဈေးမှာ ၆၉၈,၀၀၀ ကျပ်၊ မေလ ၁၉ ရက်တွင် ၆၉၉,၅၀၀ ကျပ်ဖြင့် ရှိခဲ့ပြီး ကမ္ဘာ့ရွှေ အဖွင့်ဈေးမှာ မေလ ၁၈ ရက်တွင် ၁,၃၆၀ ဒေါ်လာ၊ မေလ ၁၉ ရက်တွင် ၁,၃၆၀
ဒေါ်လာ ဖြစ်ခဲ့သည်။

ယနေ့ မေလ ၂၀ ရက်တွင် ပြည်တွင်းရွှေဈေးမှာ ၆၉၇,၅၀၀ ကျပ်ဖြင့် ဖွင့်ကာ ညနေ ၃ နာရီတွင် ၆၉၈,၂၀၀ ကျပ် ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာမူ ၁,၃၄၄ ဒေါ်လာဖြင့် ဖွင့်ခဲ့ပြီး ညနေ ၃ နာရီတွင် ၁,၃၅၄.၉၀ ဒေါ်လာ ရှိနေသည်။

ကားနံပါတ် ထုတ်ပေးမှု မြန်ဆန်ခြင်းက ဈေးကျရန် အကြောင်းတခု ဖြစ်နေ

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ပမှ တင်သွင်းနေသည့် မော်တော်ယာဉ်များ အတွက် ကုန်လမ်း သယ်ယူပို့ဆောင်
ရေး ဦးစီးဌာန (ကညန)မှ နံပါတ်များ ထုတ်ပေးမှု မြန်ဆန်ခြင်းက ကားဈေးနှုန်းများ ကျရန် အကြောင်းအချက် တခု ဖြစ်နေကြောင်းကား ဝယ်ရောင်းများထံမှ သိရသည်။

"ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို နေ့စဉ် နံပါတ်ထုတ်ပေးတာ အရမ်း မြန်နေတယ်။ တနေ့ကို ကားအစီး ၁,၀၀၀ လောက်ကို ချပေးနေတာ။ ဆိုပါဆို့ ၂စ ကို တနေ့ တထောင်လောက် သွားနေတော့ တလလောက်ဆို ၂စ စီးရီးက ပြီးသွားပြီး ၃စ စီးရီး ထွက်လာရော။ ၃စ လည်း ထွက်လာရော ၂စ က မော်ဒယ် နည်းနည်းနိမ့် သွားတော့ ဈေးက အလိုလို ၂ သိန်း၊ ၃ သိန်းလောက် ကျသွားရော" ဟု ဝါရင့် ကားပွဲစား ဦးသန်းဌေး က ပြောသည်။

လက်တလောတွင် ကျောင်းဖွင့်ရာသီ နီးလာသဖြင့် ကားဈေးကွက် အနည်းငယ် ဦးပြန်မော့လာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ဆိုသည်။

"ကျောင်းဖွင့်ရာသီ နီးလာတဲ့အတွက် ကလေး ကျောင်းပို့ကျောင်းကြို လုပ်ဖို့ ကျပ်သိန်း ၁၀၀ ဝန်းကျင် ကားလေးတွေ အမေးများလာသလို အဝယ် ပြန်ရှိလာတယ်" ဟု မော်တော်ကား ရောင်းဝယ်ရေး အသင်း(ဗဟို) ရန်ကုန်မှ  ဦးမင်းဦိး က ပြောသည်။

မေလ ၂၀ ရက်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ကားဈေးနှုန်းများမှာ ပရိုဘောက်- (၂၀၀၇ မော်ဒယ်)ကို ကျပ် သိန်း ၁၁၀ ဝန်းကျင်၊ ဟွန်ဒါဖစ်(၂၀၀၇ မော်ဒယ်)ကို ကျပ် ၁၀၅ သိန်း ဝန်းကျင်၊ ပစ်ကပ်(မီနီပစ်ကပ်) ဒိုင်ဟတ်စု - ဂျပန်ကုမ္ပဏီထုတ်ကို ကျပ် ၅၅ သိန်း၊ အေဒီဘင်-(၂၀၀၇ မော်ဒယ်)ကို ကျပ် သိန်း ၁၀၀ ဝန်းကျင်၊ ဗက်တာ(၂၀၀၇ မော်ဒယ်)ကို ကျပ် ၁၂၅ သိန်း ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

KIO နှင့်တွေ့ဆုံပွဲတွင် နိုင်ငံတကာ လေ့လာသူများ မဖိတ်ခေါ်နိုင်

ချင်းမိုင်(မဇ္စျိမ)။    ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် လာမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့တွင်
တွေ့ဆုံမည့်ပွဲသို့ အစိုးရ နိုင်ငံတကာ လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ သတင်းရရှိသည်။ 

ငြိမ်းချမ်းရေးစင်တာမှ အဖွဲ့ဝင် ဦးလှမောင်ရွှေက "လေ့လာတဲ့သူတွေကတော့ တဖက်က အဖွဲ့အစည်းတွေဘက်က ဖိတ်တယ်လို့ ဝန်ကြီးအနေနဲ့ လက်ခံပါတယ်။ ကချင်ဘက်က ဖိတ်တဲ့လူတွေ ပါမှာဘဲ။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဘက်ကတော့ လုံးဝ အတိအကျကြီး ဖိတ်ထားတာ မရှိပါဘူး"ဟု ပြောသည်။

KIO ဘက်မှ ဖိတ်ခေါ်သော နိုင်ငံတကာ လေ့လာသူများနှင့် ပတ်သက်၍ ဝန်ကြီး ဦးအောင်မင်းဘက်မှ ကန့်ကွက်ခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြန်လည် တွေ့ဆုံမည့်အရေးနှင့် ပတ်သက်၍ KIO ဌာနချုပ်အတွင်း မည်သည့် ပြင်ဆင်ဆွေးနွေးမှုများ မရှိသေးသဖြင့် အသေးစိတ် မသိရသေးကြောင်း စစ်ပြေးဒုက္ခသည်များကူညီရေးကော်မတီ တာဝန်ခံ ဆလန်ကဘား ဦးဒွဲပီဆားက
ပြောသည်။

၎င်းက "အပြင်သတင်းတွေအရ ၂၈ ရက်နေ့ ပြန်တွေ့မယ်လို့တော့ ကြားရတယ်။ ဒါပေမဲ့  ဒီကိစ္စနဲ့ ပတ်သက်လို့
ကေအိုင်အို လူကြီးတွေက စည်းဝေးထိုင်ပြီး ဆုံးဖြတ်တာတော့ မရှိသေးဘူး"ဟု မဇ္စျိမကို ပြောသည်။

အကယ်၍ မြစ်ကြီးနားမြို့သို့ သွားရောက် တွေ့ဆုံပါက ယခင်တွေ့ဆုံခဲ့သည့် ကေအိုင်အို ကိုယ်စားလှယ်များ သာ တက်ရောက်မည် ဖြစ်ကြောင်း သူက ဆိုသည်။

KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ယခုတွေ့ဆုံမှုတွင် နိုင်ငံတကာ
လေ့လာသူများ ပါဝင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေး ရရှိမည်ဟု မျော်လင့်ချက် မရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

ဦးဆန်အောင်မှ"အစိုးရက သဘောမတူလို့ ဒီတခေါက်တော့ မပါဘူးထင်တယ်။ ကေအိုင်အိုဘက်ကတော့ ယုံကြည်မှု မရှိလို့ သူတို့ကို ခေါ်တာ။ အစိုးရဘက်က ယုံကြည်မှု တည်ဆောက်တာ မရှိဘူး။ မယုံလို့ ကြားက သက်သေတွေ ဖိတ်ခေါ်တာ"ဟု မဇ္စျိမကို ရှင်းပြသည်။

အစိုးရဘက်မှ မည်သည့် ယုံကြည်မှုများ လုပ်ဆောင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု
မျော်လင့်ချက် မရှိကြောင်း သူက သုံးသပ်ပြောဆိုသည်။

ယခုတကြိမ်တွေ့ဆုံမှုတွင် တပ်နေရာချထားရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲကို မည်သို့ ဆက်လက်ဆောင်ရွက် သွားရန် စသည့် အချက်များ ထည့်သွင်းဆွေးနွေးမည်ဟု သဘောတူညီထားသည်ဟု မကြာမီက ဦးဆန်အောင်က မဇ္စျိမကို ပြောသည်။

KIO ဘက်မှ အမေရိကန်၊ ဗြိတိန်၊ တရုတ်နှင့် ကုလသမဂ္ဂ အား လေ့လာသူများအဖြစ် ပါဝင်ရန် ဖိတ်ကြား ထားသော်လည်း အစိုးရဘက်က မည်သည့် နိုင်ငံတကာ လေ့သူများကို ဖိတ်ခေါ်ထားခြင်း မရှိခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ၇ ကြိမ်မြောက် တရုတ်နိုင်ငံ  ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် တလ အကြာ ပြန်လည် တွေ့ဆုံရန် သဘောတူထားသော်လည်း ညှိနှိုင်းမှု နှစ်လအကြာမှသာ ပြန်လည်
တွေ့ဆုံနိုင်မည် ဖြစ်သည်။

စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တဆင့်ပြီး တဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားကြမည်ဟု ထိုနေ့က ပူးတွဲသဘောတူညီချက်တွင် ပါရှိသည် ။

အခြေခံဥပဒေ “သော့ခတ်ထားတာ မဟုတ်ဘူး” ဟု အမေရိကန်ရောက် သမ္မတ ပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေကို သော့ခတ်မထားဘဲ ပြင်ဆင်လိုက ပြင်ဆင်နိုင်သည်ဟု အမေရိကန် ပြည်ထောင်စု
ရောက် သမ္မတ ဦးသိန်းစိန်က ဝါရှင်တန်မြို့ အခြေစိုက် အမေရိကန်အသံ (မြန်မာပိုင်း)မှ ဦးဆောင်ပြုလုပ်
သော မြန်မာများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြန်ပြောရမယ်ဆိုရင် ကျနော်တို့ ပြင်နိုင်ပါတယ်။ Amendment (ပြင်ဆင်ဖြည့်စွက်ချက်အခန်း) ကျနော်တို့ ရှိတယ်။ ကျနော်တို့ ဒါ သံမဏိစည်းမျဉ်း မဟုတ်ဘူး။ သော့ခတ် ထားတာ မဟုတ်ဘူး။ Amendment ကျနော်တို့ ပေးထားတယ်။ လွှတ်တော်က ပြင်နိုင်တယ်။ ပြည်သူက
ပြင်နိုင်တဲ့အနေအထား ကျနော်တို့ ရှိပါတယ်" ဟု မေလ ၁၉ ရက်နေ့က ပြောဆိုသွားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသည့် အချက်များကို သမ္မတက ရည်ညွှန်း ပြောဆိုခြင်း
ဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြွေးကြော်သံဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမည် ဆိုပါက ဥပဒေ ပြင်ဆင်ဖို့ နည်းလမ်းများကိုလည်း ပြောင်းရမည်ဟု မေလ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ထောက်ပြ ပြောဆိုသွားသည်။

အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ ၄၃၆ အရ အရေးပါ အခရာကျသော ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီချက်ဖြင့်သာ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်၍ ၎င်းမှ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ခွင့် ပေးထားသည်။

NLD မှ လွှတ်တော်အမတ်များက ယခုလအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဖျက်သိမ်းမည့် ပုဒ်မများနှင့် ထပ်မံ ထည့်သွင်းမည့်အချက်များကို ဆွေးနွေးလျက်ရှိသည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောဆိုထားသည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ပြောဆိုခြင်း မရှိပေ။

ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း အင်အားအကြီးဆုံး ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန်ရှိသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ယခုလအတွင်းက မီဒီယာများကို
ပြောဆိုထားသည်။

မတ်လ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး
ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို 

ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် သူရဦးအေးမြင့် က တင်သွင်းကာ အတည်ပြုခဲ့ကြပြီး ဖြစ်သည်။

အမေရိကန်ရောက် မြန်မာများနှင့် တွေ့ဆုံရာတွင် လူအများ စိတ်ဝင်စားလျက်ရှိသည့် ဖွဲ့စည်းပုံပါ တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် က ကာကွယ်ပြောဆိုသွားသည်။

"မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပစ်ပယ်ထားဖို့ မသင့်ဘူးလို့ ကျနော် ဒီလို ထင်ပါတယ်။ တပ်မတော်ကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူနဲ့ပေါင်းပြီးတော့ ဘာပဲဖြစ်ဖြစ် တပ်မတော် အခန်းကဏ္ဍ တရပ်အနေနဲ့
ဆောင်ရွက်နေရမှာပါ။ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်" ဟု သမ္မတက ပြောသည်။ သို့သော် လွှတ်တော်တွင်းရောက် တပ်မတော်သားများ၏ အရေအတွက်သည် တဖြည်းဖြည်း လျော့ကျသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ယခုခရီးစဉ်မှာ သမ္မတ အိုဘားမားနှင့် တွေ့ဆုံကာ အခက်အခဲများကို ကူညီဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သို့ လာရောက်ရခြင်းဖြစ်သည်ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောဆိပြီး အမေရိကန်တက္ကသိုလ် ဌာနခွဲများ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသည် ပြည်သူများကို ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝ ပေးထားသကဲ့သို့ အမေရိကန်
ပြည်သူများ၏ တာဝန်ယူမှု တာဝန်သိတတ်မှုများကလည်း အတုယူဖွယ်ဖြစ်သည်ဟု ဦးသိန်းစိန် က ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် တို့လည်း လိုက်ပါသွားကြသည်။

သမ္မတ၏ အမေရိကန် ခရီးစဉ်သည် မေလ ၂၁ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ ဦးသိန်းစိန် သည် နှစ်ပေါင်း ၄၇ နှစ်အတွင်း အမေရိကန်သို့ သွားရောက်သည့် ပထမဆုံး မြန်မာနိုင်ငံ အကြီးအကဲ တဦး ဖြစ်ပြီး ယခုခရီးစဉ်မှာ ၎င်း၏ ဒုတိယအကြိမ် အမေရိကန် ခရီးစဉ်ဖြစ်သည်။

ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေး စင်္ကြန်အဖြစ် ဆောင်ရွက်ပေးမည်

ရန်ကုန် (မဇ္ဈိမ)။        ။ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် သာမက အာဆီယံဈေး ကွက် အတွင်း၌ပါ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေးစင်္ကြန် အဖြစ် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း ထိုင်းနိုင်ငံ ညီလာခံနှင့် ပြပွဲဆိုင်ရာ အဖွဲ့အစည်း (TCEB)မှ ပြပွဲ ဒါရိုက်တာ မစ္စ ဆူပါဝန်တီရာရက် ကပြောသည်။

၎င်းက "ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု ပြပွဲများမှာ ပါဝင်ပြသခြင်းဟာ ထိုင်းလုပ်ငန်းရှင်များနဲ့ပါ ကွန်ရက်ချိတ်ဆက် နိုင်မဲ့ အခွင့်အလမ်းတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံရဲ့ ပြပွဲဆိုင်ရာ နည်းလမ်းက တဆင့် ၎င်းတို့ရဲ့ ကုန်သွယ်မှု တန်ဖိုးတွေကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါ (TCEB) သည် ပြည်တွင်းရှိ စီးပွားရေး အခွင့်အလမ်းများကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား
ပြပွဲလုပ်ငန်းတွင် ကွန်ရက်တည်ဆောက်ခြင်းဖြင့် ဆက်သွယ်မှုကို ပိုမိုတိုးမြှင့်ရန် UMFCCI နှင့်ပူးပေါင်း ပြီး ပထမဆုံး တရားဝင် ပြပွဲများ လှည့်လည် ပြသမှုကို ပြည်တွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထို့နောက်
ပြည်တွင်းရှိ လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် ပြပွဲများ ပါဝင်ပြသရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

မြန်မာလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ စီးပွားရေး လုပ်ငန်းများကို ပြည်တွင်းသာမက ပြည်ပတွင်ပါ ထိုးဖောက်နိုင်ရန်မှာ နိုင်ငံတကာ ပြပွဲများတွင် ၀င်ရောက်ပြသရန် လိုအပ်ကြောင်း၊ ထိုသို့ ပြသခြင်းဖြင့် အခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်မိပြီး အခွင့်အလမ်းကောင်းများ ရရှိလာမည်
ဖြစ်ကြောင်း UMFCCI ပြပွဲကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

UMFCCI ဥက္ကဌ ဦးဝင်းအောင်က "အာဆီယံဟာ ၂၀၁၅ခုနှစ်မှာ အပြည့်အဝ ပေါင်းစည်းနိုင်ဖို့ နီးကပ်လာ ချိန်မှာ ကျွန်တော်တို့အတွက် ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေက စောင့်ကြိုနေပြီဖြစ် ပါတယ်။ ဒီပြပွဲဟာ ထိုင်းမြန်မာ အပြန်အလှန် ကုန်သွယ်မှုနဲ့ ပြပွဲလုပ်ငန်းအတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ပါလိမ့်မယ်" ဟုဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု ပြပွဲများသည် စားသောက်ကုန်နှင့် လယ်ယာ စိုက်ပျိုးရေး ၀န်ဆောင်မှု များ၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးဆဲ လုပ်ငန်းနယ်ပယ်များ အတွက် ကုန်သွယ်မှု ဈေးကွက် အဖြစ်လည်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက် သုံးဦးတွင် အပါအဝင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ
နိုင်ငံခြား ကုန်သွယ်မှုဌာန၏ စာရင်းဇယားများအရ ၂၀၁၂ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ သည် အမေရိကန်ဒေါ်လာ ၇၂၈၇ သန်းခန့်ရှိခဲ့ပြီး ၂၀၁၃ခုနှစ် ပထမနှစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၃၂၆သန်းထိ ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

အော်ပရေတာ ပြုလုပ်ရန် အမရာနှင့် MTN ကုမ္ပဏီတို့ မှ ဒေါ်လာ ၁.၅ ဘီလီယံ မြှုပ်နှံမည်

ရန်ကုန် (မဇ္ဈိမ)။       ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရှိ မိုဘိုင်းအော်ပရေတာ နေရာနှစ်ခုအတွက် တင်ဒါအောင်မြင်
ပါက အမရာတယ်လီ ကွန်မြူနီကေးရှင်းနှင့် အာဖရိက အခြေစိုက် MTN တယ်လီကွန်မြူ နီကေးရှင်း ကုမ္ပဏီတို့မှ ပူးပေါင်းကာ အဆိုပါလုပ်ငန်းအတွက် ဒေါ်လာ ၁.၅ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း အမရ တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်အေးမြမြကြည်က ပြောသည်။

၎င်းက "ရေရှည် လုပ်ကိုင်ခွင့် ၁၀နှစ်၊ ၁၅နှစ်အတွင်းမှာ မြုပ်နှံသွားမှာပါ။ ဘယ်သူက ဘယ်လောက် စိုက်ထုတ်မယ်ဆိုတာက တော့တင်ဒါအောင်ပြီးမှပဲ သိနိုင်မှာပါ" ဟု ဆိုသည်။

ယခုအခါ မိုဘိုင်းအော်ပရေတာ တင်ဒါဝင်ပြိုင်ထားသည့် ကုမ္ပဏီ ၁၂ ခုရှိပြီး တတိယနှင့် နောက်ဆုံး အဆင့်ရွေးချယ်မှုအတွက် ဇွန်လ ၃ရက်နေ့က နောက်ဆုံးထားကာ ဆက်လက် လျှောက်ထားရမည်ဖြစ်ပြီး
နောက်ဆုံးရွေးချယ်ခံရသည့် ကုမ္ပဏီ နှစ်ခုအမည်ကို ဇွန်လ ၂၇ရက်နေ့တွင် ထုတ်ပြန် ကြေညာနိုင်ရန်
မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး စိစစ်ရေးနှင့် ရွေးချယ်မှု ကော်မတီက သတင်းထုတ်ပြန် ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေမှာ မထွက်သေး သည့်အတွက် ဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ လုပ်ဆောင်နေရကြောင်း MR Serame Taukoboung ကပြောသည်။

MR Serame Taukoboung က "ဒီနိုင်ငံရဲ့  ဥပဒေ အတိုင်းဘဲ လိုက်နာမယ် ၊ လူအခွင့်အရေးကို လည်း ဥပဒေ အတိုင်းဘဲ လုပ်မယ်။ပြည်တွင်းဥပဒေအပြင် နိုင်ငံတကာ ဥပဒေကိုပါ လိုက်နာမယ်။ကျွန်တော်တို့ စီးပွားရေးကို အခြေခံတဲ့ ကုမ္ပဏီ ပဲဖြစ်တယ်။ကျွန်တော်တို့  ခရိုနီတွေနဲ့ လည်း ပတ်သတ်မှုမရှိဘူး။" ပာု မဇ္စိုမသို့
ပြောသည်။

ယခုအခါ ဥပဒေ မရှိသေးသည့်အတွက် ပြည်တွင်း ပြည်ပမှ တယ်လီဖုန်း အော်ပရေတာလုပ်ကိုင်ရန် လုပ်ဆောင်နေသူများ အနေဖြင့် ယခင်တည်ဆဲ ဥပဒေများကိုသာ ကြည့်၍ ဆောင်ရွက်နေရကြောင်း
ဒေါ်အေးမြမြကြည်က ရှင်းပြသည်။

အဆိုပါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု အနေဖြင့် မြန်မာတနိုင်ငံလုံးရှိ ဆက်သွယ်ရေး လုပ်ငန်းများကို
ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အမရာ အနေဖြင့် ဖုန်းဆင်းကဒ်များအား ပြည်သူများအား အလကား
ပေးနိုင်သည် အထိရည်ရွယ်ထားကြောင်း ဒေါ်အေးမြမြကြည်က ဆိုသည်။

MTN တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီသည် တောင်အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံ၂၂ နိုင်ငံတွင် မိုဘိုင်း အော်ပရေတာလုပ်ကိုင်ပြီး မိုဘိုင်းသုံးဆွဲသူ ၁၉၅ သန်း ရှိကြောင်း သိရသည်။

ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဆုံးဖြတ်ချက်ရပြီးမှသာ ဆန္ဒပြမှုများကို ပြုလုပ်မည်

 ရန်ကုန်(မဇ္ဈိမ)။     ။ လက်ပံတောင်းတောင် စီမံကိန်းနှင့်ပတ်သက်၍ လယ်ယာမြေသိမ်းခံရသူတို့က
တောင်းဆိုဆန္ဒပြမှုများ ရှိခဲ့သော်လည်း ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဖွဲ့စည်းပြီးနောက်တွင်
ကော်မတီ၏ ဆုံးဖြတ်ချက်ရပြီးမှသာ ဆန္ဒပြမှုများကို  ဆောင်ရွက်သွားမည်ဟု ကော်မတီဝင်တဦးက
ပြောသည်။

ယင်းကော်မတီကို ကျေးရွာတရွာမှ ခေါင်းဆောင်(၃) ဦး၊ ကော်မတီ အဖွဲ့ဝင်(၁၀) ဦး စုစုပေါင်း (၁၃) ဦး
နှုန်းဖြင့် ကျေးရွာ (၁၃) ရွာ ပါဝင်ဖွဲ့စည်းထားကာ ကော်မတီက လယ်ယာမြေ ကိစ္စများ ဆွေးနွေးချိန်တွင် ပါဝင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မိုးကြိုးပြင် (အလယ်ရွာ) ဒေသခံတဦးက ဆိုသည်။

အဆိုပါကော်မတီဝင်ရွာများမှာ ကြေးနီစီမံကိန်းမလွတ်ကင်းသောမြေယာများ အတွက်လျော်ကြေးငွေ မရယူထားသော ကျေးရွာများဖြစ်ပြီး လျော်ကြေးငွေရယူထားသော ကျေးရွာများမှာ  ကော်မတီတွင် မပါဝင်ကြောင်း ဒေသခံများကဆိုသည်။

မိုးကြိုးပြင် မြောက်ရွာမှ ဒေသခံတဦးဖြစ်သူ မမြင့်မြင့်အေးက "လယ်ယာမြေနဲ့ပတ်သက်တဲ့ကိစ္စတွေ အားလုံးကို ကော်မတီက ဆုံးဖြတ်ချက်အတိုင်းပဲလုပ်သွားဖို့ ရှိပါတယ်၊ အကုန်လုံးကျေနပ် ကြတယ်၊ စနစ်တကျဖြေရှင်းနိုင်ဖို့ အတွက် ရည်ရွယ်ထားကြတယ်"ဟု မမြင့်မြင့်အေးက ဆိုသည်။

ဒေသခံများ၏ သိမ်းဆည်းခံ လယ်ယာမြေကိစ္စများနှင့်  ပတ်သက်၍ ကော်မတီမှ  အဓိကဆောင်ရွက်သွားမည် ဟု သိရကြောင်း မိုးကြိုးပြင် (အလယ်ရွာ)ဒေသခံ ဦးစိန်မြင့်က ပြောသည်။

"ဒီနေ့စာရင်းလိုက်ကောက်နေတယ် ကော်မတီဝင်တွေ ဘယ်လောက်ရှိပြီလဲတော့ အတိအကျ မသိရသေးဘူး။ ရွာကလူကတော့ ကော်မတီဝင်ဖို့ကို တော်တော်လေးကို စိတ်ပါနေကြတယ်။ သဘောကျနေကြတာပေါ့" ဟု  ဦးစိန်မြင့်ကဆိုသည်။

သို့ရာတွင် ဆည်တည်းရွာသစ်မှ ဒေသခံတဦးက "ဆည်တည်းရွာသစ်မှာတော့ အဲလိုကော်မတီမဖွဲ့ပါဘူး၊ ဒီရွာမှာရှိတဲ့ ဒေသခံတွေ ကလည်း လယ်ယာမြေ ကာကွယ်ရေုး ကော်မတီဖွဲ့ တာမလုပ်ကြပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

ကော်မတီက ဒေသခံ များ၏ လယ်ယာမြေများ မဆုံးရှုံးစေရန် ကာကွယ်ပေးကာ အာဏာပိုင်အဖွဲ့အစည်း၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့်  တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ကော်မတီ ၏ဆုံးဖြတ်ချက်အတိုင်း ဒေသခံပြည်သူ များ လိုက်နာရန် သဘောတူညီထားကြကြောင်း ကော်မတီဝင် မမြင့်မြင့်အေးက ဆိုသည်။

"ကျမတို့ကို  တခြားအဖွဲ့အစည်းတွေကလည်း ကူညီပေးပါတယ်။ သူတို့ ကူညီပေးလို့ အခုလို ကော်မတီကိုဖွဲ့
နိုင်တာပါ သူတို့က ဘာမှဝင်မစွက်ပါဘူး ။ကော်မတီမှာ အားလုံးဒေသခံတွေချည်းပဲ ကျန်တဲ့အဖွဲ့အစည်းက လူတွေဆိုကူညီပေးရုံပဲ ကူညီတာ။" ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ပြည်သူ့လယ်ယာမြေကာကွယ်ရေးကော်မတီ မှာ လယ်ယာမြေ ဒေသခံများသာပါဝင် ဖွဲ့စည်းထားသော
ကော်မတီဖြစ်ပြီး  ဒေသခံစုစုပေါင်း (၁၆၉) ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ရှင်းပြသည်။

"လယ်သမားတွေဟာ တဦးချင်းတယောက်ချင်း လယ်ယာမြေ  ပြဿနာကိုဖြေရှင်းခြင်းထက် စုပေါင်းဖြေရှင်း
ခြင်းဟာကောင်းတယ်ဆိုပြီး စနစ်တကျဖြေရှင်းနိုင်ဖို့ ရည်မှန်းထားကြတယ်"ဟု ၎င်းက ဆိုသည်။

ကော်မတီဝင်ကျေးရွာ (၁၃) ရွာမှာလက်ပံတောင်းတောင် ကြေးနှီစီမံကိန်း ၏တောင်ဘက်ရှိ ဆည်တည်းရွာ
ဟောင်း၊ ဇီးတော ၊စီမံကိန်း၏ အရှေ့ဘက်ရှိ ဝက်မှေးရွာဟောင်း၊ ကံတော၊ရွှေလှေ၊ ဖောင်းကတာရွာ၊ အနောက်ဖက်ရှိ မိုးကြိုးပြင် (တောင်၊မြောက်၊ အလယ်) ရွာများနှင့် တုံရွာမ၊ တုံရွာအလယ်တော၊ တောကျောင်း၊ လယ်တီ၊တုံရွာသစ်တို့ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ ဆန္ဒဖြစ်

ရန်ကုန် (မဇ္ဈိမ)။       ။ တနင်္လာနေ့က ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံပြီး နောက်ပိုင်း ABSDF မြန်မာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ် တပ်ဦး က မြန်မာနိုင်ငံတွင် ၎င်းတို့၏ အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

ABSDF တပ်ဖွဲ့ဝင်  ရဲဘော် ကျော်ကို က "ABSDF အနေနဲ့ အဖြစ်ချင်ဆုံး ကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား
ပြန်လည်သင့်မြတ်ရေးပါ" ဟု မဇ္စျိမ ကို ဖြေကြားသည်။

 ရဲဘော် ကျော်ကို သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဗဟိုအလုပ်မှုဆောင်
ကော်မတီဝင် တဦးဖြစ်သည်။

တနင်္လာနေ့က Myanmar Peace Center တွင်  အစိုးရနှင့် ABSDF တို့အကြား အပြန်အလှန် ညှိုနှိုင်းဆွေးနွေး ပွဲများ ကျင်းပခဲ့ကြောင်း  ရန်ကုန်သို့ ရောက်ရှိလာသည့်  ABSDF ညှိုနှိုင်းရေးအဖွဲ့ဝင် ရဲဘော်ကျော်ကို က ဆက်ပြောသည်။

၎င်းက " နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ် နိုင်ဖို့ အတွက် ကျနော်တို့ ABSDF က ညှိုနှိုင်းဆွေနွေး
ရေးအဖွဲ့နဲ့ သူတို့ MPC (Myanmar Peace Center) ဘက်က Technical team (နည်းလမ်းရှာဖွေရေးအဖွဲ့)
ပေါ့ဗျာ။ အပြန်အလှန် ညှိုနှိုင်းဆွေးနွေးတဲ့ ပွဲပေါ့ဆွေးနွေးပါတယ်" ဟု ဆိုသည်။

ဝန်ကြီး ဦးအောင်မင်း နှင့်  ယနေ့ မနက်ပိုင်းက  နှစ်ဘက်ကိုယ်စားလှယ် အဖွဲ့ ၀င်များ အပြန်အလှန်
နှုတ်ဆက်စကားပြောဆိုပြီး  နေ့လည် ၁ နာရီတွင် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ကြောင်း သတင်းရရှိ သည်။

ဆွေးနွေးပွဲနှင့် ပါတ်သက်ပြီး ရဲဘော်ကျော်ကို က "ဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပါတ်သက်ပြီး ကျနော်တို့ ဘာမှ မပြောနိုင်သေးဘူး။ မနက်ဖြန်လည်း ဆက်ဆွေးနွေးရဦးမှာ" ဟု မဇ္စျိမ ကိုပြောသည်။

အစိုးရနှင့် ABSDF နှစ်ဘက်အမြင်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဖလှယ်ခဲ့ကြပြီး ကျေနပ် အားရမှုရှိကြောင်း ၎င်း တို့၏ မျော်လင့်ချက်နှင့် ပါတ်သက်ပြီး "ကျနော်တို့ အကောင်းဆုံး အတွက် ၀ိုင်းဝန်း ကြိုးစားနေတာပါ။ အဲလိုပဲဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်" ဟု ပြောဆိုသွားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနှင့် ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သလို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လေ့လာရေးခရီးစဉ်အဖြစ် လာရောက်ခဲ့ဖူးသည်။

ကျောင်းသားတပ်မတော်ခေါ် ABSDF မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အင်အားစု အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနှင့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အာမခံချက် ရှိသည့် အခြေခံဥပဒေတရပ် ပေါ်ပေါက်
ရေးတို့အား ရည်မှန်းချက်ထားရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ကြေငြာခဲ့ သည်။

ABSDF ခေါ် ကျောင်းသားတပ်မတော်သည် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဖွဲ့စည်း ထူထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်အောက်မှ လွှတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေး လက်နက်ကိုင် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။

ပြည်သူလူထု၏ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုအား စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် လက်နက် ကိုင် တော်လှန်ရေးလုပ်ရန် နယ်စပ်ဒေသများသို့ ကျောင်းသားလူငယ်များ ထောင်နှင့်ချီ၍
ရောက်ရှိသွားခဲ့ကြခြင်း လည်းဖြစ်သည်။

တော်လှန်ရေး ကာလအတွင်း မကဒတ တပ်ဖွဲ့ဝင် ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့ရသည်။

ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်များ ဝယ်ယူမှုကြောင့် လယ်ယာမြေများ အရောင်းအဝယ်မြင့်တက်

ရန်ကုန် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ တွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာသည့် လုပ်ငန်းရှင်များ ဝယ်ယူမှုကြောင့် လက်ရှိတွင် လယ်ယာမြေများ အရောင်းအ၀ယ် မြင့်တက်လျှက် ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ သိရသည်။

ထိုသို့ စိုက်ပျိုးရေးကဏ္ဍတွင်ရင်း နှီးမြှုပ်နှံရန် လယ်ယာမြေများကို ၀ယ်ယူမှုများရှိသလို မြို့ဧရိယာနှင့် နီးသည့် လယ်ယာမြေများကိုမူ မြို့ဧရိယာ အတွင်းပါဝင် လာနိုင်မည်ကို မျှော်မှန်းပြီး ၀ယ်ယူမှုများလည်း ရှိကြောင်း ရွှေကံမြေအိမ်ခြံမြေ ၀န်ဆောင်မှုကုမ္ပဏီမှ ဦးခင်မောင်အေးက ပြောသည်။

၎င်းက "လက်ရှိအနေအထားကတော့လယ်ဝယ်ရင် လယ်ပဲလုပ်ရမယ် ဆိုပေမယ့် မြို့ဧရိယာနဲ့ နီးတဲ့နေရာ
တွေက မြို့ဧရိယာချဲ့ရင်ပါသွားမယ်ဆို ပြီး မျှော်မှန်းပြီးဝယ်ကြတာရှိတယ်။ တချို့ကတော့ စိုက်ပျိုးရေးကို တကယ် ဦးတည်လုပ်ဖို့ စိတ်ဝင်စားလာတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေလဲ ရှိပါတယ်"ဟု ဆိုသည်။

အဆိုပါလယ်ယာမြေများအရောင်းအ၀ယ်ဖြစ်သည့်နေရာများမှာ ယုဇနဥယျာဉ်သို့သွားသည့် တံတားအဆင်း တဖက်တချက်ရှိလယ်ယာမြေများ၊ သီလ၀ါစက်မှုဇုံ အနီးတ၀ိုက်ရှိ လယ်ယာမြေများနှင့် ရန်ကုန်-ပဲခူး ကာလမ်းမဘေးရှိ လယ်ယာမြေများ ဖြစ်ပြီး ဈေးနှုန်းများမှာ တစ်ဧကလျှင်၂၅သိန်းမှသိန်း၃၀၀ကြား ရှိကြောင်း၊ မြို့ဧရိယာနှင့်နီးသည့် လယ်ယာမြေများမှာ သိန်း၁၀၀၀နီးပါးအထိ ဈေးနှုန်းများ မြင့်တက်သွားကြောင်း ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

၎င်းက "ပိုင်ဆိုင်မှုတွေ အပြည့်အ၀ပေးလာတဲ့ အခါကျတော့ စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ချင်စိတ်တွေ ရှိလာတယ်။ ဟိုတုန်းကဆိုရင် လူတယောက်က လယ်ယာမြေ၀ယ်ပြီး စိုက်ပျိုးရေး လုပ်မယ်ဆိုရင် ကိုယ်တိုင် လယ်ထဲဆင်းပြီး မလုပ်နိုင်တဲ့အခါ အဌားလုပ်ပေးတဲ့သူက ပြန်လုယူတာတို့ ပိုင်ဆိုင်အောင် လုပ်တာတို့ အဲ့ဒီပြသာနာတွေ ရှိတော့မ၀ယ်ရဲကြဘူး။ အခုကျတော့ ဂရံလောက်အထိ အောင်ခိုင်မာမှု ရှိသွားလို့ ၀ယ်ရဲသွားပြီ။ဒီဥပဒေ ထုတ်လိုက်တဲ့ အတွက်ပိုပြီး အရောင်းအ၀ယ်ဖြစ် လာတာ ဖြစ်တယ်"ဟု သုံးသပ်
ပြောကြားသည်။

PET/ CT scanစက်ဖြင့် ရောဂါစစ်ဆေးရှာဖွေနိုင်တော့မည်

ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌    PET/CT ( Position Emission Tomography/Computed Tomography ) scan စက်ကို ပထမဆုံး အကြိမ် စတင်တပ်ဆင် အသုံးပြုတော့မည့်  ဖြစ်ကြောင်း သိရှိရသည်။

 

PET/ CT scan စက်ဖြင့် ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်နိုင်ပါက လက်ရှိ CT scan စက်များ၊ MRI စက်များကို  အသုံးပြုရန်ပင် မလိုအပ်တော့ကြောင်း  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အနုမြူရောင်ခြည် ဆေးပညာဌာနမှုး၊ ပါမောက္ခ ၊ဆရာဝန်ကြီး ဒေါက်တာကျင်မြင့်က ပြောကြားသွားသည်။

 

တပ်ဆင်အသုံးပြုတော့မည့် PET/ CT scan စက်ကို ရောဂါရှာဖွေရာတွင်  သက္ကရာဇ် ၂၀၀၀ခန့်က စတင် အသုံးပြုခဲ့ကြကြောင်း၊ စင်္ကာပူနိုင်ငံတွင် ၂၀၀၃ခုကပင် သုံးစွဲနေခဲ့ကြောင်း၊ ယခင်က  မြန်မာနိုင်ငံတွင် ဤစက်ကို အသုံးမပြုနိုင်ခဲ့သည့်အတွက် ကင်ဆာရောဂါများကို ရှာဖွေကုသရာတွင် ထိရောက်မှု အားနည်းခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အနုမြူရောင်ခြည် ဆေးပညာဌာနမှုး၊ ပါမောက္ခ ဒေါက်တာ ကျင်မြင့်က ကန်တော်ကြီးဟိုတယ်တွင် မေလ ၁၉ ရက်နေ့ပြုလုပ်ခဲ့သော Health care Program တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် Nuclear Medicine( အနုမြူရောင်ခြည် ဆေးပညာ ) ကို  Unclear Medicine ( မသေချာ,မရေရာသည့် ဆေးပညာ) ဟုပင် ပြောဆိုဝေဖန်မှု ခံခဲ့ရကြောင်း၊ PET/CT scanစက်ဖြင့် တိကျစွာ ရောဂါ ရှာဖွေ စမ်းသပ်မှု ခံယူလိုပါက အိမ်နီးချင်း ယိုးဒယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံများသို့ သွားရောက်ကုသနေရသည့်  ဒုက္ခမှ ကင်းဝေးနိုင်တော့မည်  ဖြစ်၍ ယခု အစီအစဉ်ကို ဖြစ်မြောက်အောင် ခွင့်ပြု အကောင်အထည် ဖေါ်ပေးခဲ့သော  နိုင်ငံတော် အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနကို အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

 

" မနှစ်က ကျွန်မကို  Memogram ရိုက်ရမယ်  ဆိုတော့ အပြင်မှာ အရင်စုံစမ်းတယ်။ အဲဒီ စက်က ရန်ကုန်ဆေးရုံကြီး  မှာ တစ်လုံး၊ နောက်, ဆာကူရာအထူးကုဆေးရုံကြီးမှာပဲ တစ်လုံးရှိတယ်လို့ သိရတယ်။ ဆာကူရာမှာ မေးတော့ ရိုက်ခ, ရှစ်သောင်း ကျမယ် ဆိုတာနဲ့ မတတ်နိုင်လို့ ရန်ကုန်ဆေးရုံကြီးမှာ သွားရိုက်တာ။ ငွေသွင်းတဲ့ဆီ မှာ အကြာကြီး စောင့်ရ  တယ် ။ အခုလည်း ဒီလောက် ကောင်းတဲ့ စက်ကြီး ရောက်တော့မယ် ကြားရတာ ၀မ်းတော့သာပါတယ် စက်ကို မြန်မြန်တပ်ပြီး သွားရင် ကောင်းပါတယ်"ဟု ရင်သားကင်ဆာရှိ၊မရှိ စစ်ဆေးရန်အတွက် Memogram ရိုက်ကူးစစ်ဆေးရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓါတ်မှန်ဌာနသို့ သွားရောက်ဖူးခဲ့သူ မမြမြကြည်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ယခု အသုံးပြုလျက်ရှိသော CT scan စက်များမှာ ဓါတ်မှန်ရောင်ခြည်ကို လူ့ခန္ဓာကိုယ်အား ဖြတ်သန်းစေပြီး စစ်ဆေးမှုဖြစ်၍ ချောင်းကြည့်ရသည်နှင့် တူသောကြောင့် ရောဂါအခြေ အနေကို ခန့်မှန်းရုံ သာ ဖြစ်ကြောင်း၊ ယခုတပ်ဆင် အသုံးပြုတော့မည့် PET/ CT scanစက်မှာမူ လူ့ခန္ဓာကိုယ်ထဲသို့ ရေဒီယို သတ္တိကြွ ပစ္စည်းကို သွေးကြောထဲသို့ ထိုးသွင်းပြီး စက်ဖြင့် စစ်ဆေးခြင်းဖြစ်၍ လူကိုယ်တိုင် ၀င်ရောက် စမ်းသပ် ရှာဖွေ စစ်ဆေးသည်နှင့် တူညီသောကြောင့်  ရောဂါလက္ခဏာများကို စောစီးစွာ တိတိကျကျ အဖြေရှာနိုင်မည် ဖြစ်ကြောင်း  သိရှိရသည်။

 

မြန်မာ နိုင်ငံတွင် အဆိုပါ PET/ CT scanစက်ကို  Philips ကုမ္ပဏီမှ  တင်သွင်းပြီး Snow Everest Co,Ltd နှင့် JJ-Pun Co,Ltd တို့က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ယခုတပ်ဆင်မည့် PET/ CT scanစက်ကို Philips Healthcare ကုမ္ပဏီသည် ကျန်းမာရေးဝန်ကြီးဌာန၏ တင်ဒါခေါ်ယူမှုဖြင့် တင်သွင်းခြင်းဖြစ်သည်။

 

စက်ကို ၂၀၁၄ခု နှစ်ဦးပိုင်း သို့မဟုတ် နှစ်လယ်ပိုင်းခန့်တွင် တပ်ဆင်  ပြီးစီးနိုင်မည်ဟု ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကျွမ်းကျင်သော အနုမြူရောင်ခြည် ဆေးပညာရှင် (၇)ဦး သာ ရှိနေကြောင်း၊ ထို့ကြောင့်  PET/ CT scanဖြင့် ပုံရိပ်ဖတ်ခြင်းနည်းပညာ ကျွမ်းကျင်သူများ ၊ စက်ကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်မည့် ၀န်ထမ်းများ၊ တိကျစွာ အဖြေထုတ်ပေးနိုင်မည့် ဆေးပညာရှင်များ ပြည့်စုံစေရန် အတွက် Philips ကုမ္ပဏီမှ ပညာပေးအစီအစဉ်များ၊နည်းပညာအကူအညီများ၊ သြစတေးလျ၊ အိန္ဒိယ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံ တို့မှ ဆေးပညာရှင် များ နှင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များကို တွေ့ဆုံဆွေးနွေး မှုများ၊ သင်တန်းများ စီစဉ် ပံ့ပိုးလျက် ရှိကြောင်း သိရသည်။


မန္တလေးမြို့မှ ရေဆိုးများ ပိုမိုစွန့်ထုတ်နိုင်ရေး စီစဉ်နေ

မန္တလေးမြို့တွင်းရှိ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေ(ရေဆိုး)များကြောင့် ကျန်းမာရေးနှင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ မဖြစ်ပေါ်စေရန်အတွက် ရေဆိုးများအား ပိုမိုစွန့်ထုတ်နိုင်စေရန် စီစဉ် သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနက သိရသည်။

 

မန္တလေး၌ စက်ရုံအလုပ်ရုံများ ပေါများလာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အကာအကွယ်ပြုခြင်း၊ မလိုလားအပ်သော ကျန်မာရေးပြဿနာများ မဖြစ်ပွားစေရန်နှင့် မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေလိုခြင်းစသည့်အချက်များကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။

 

`သောက်သုံးရေရရှိဖို့အတွက် ရေသန့်ကိုလိုအပ်သလို လူတွေက ဓာတုပစ္စည်းတွေ၊ စက်ကိရိယာတွေ မှာ အသုံးပြုရင်းနဲ့ထွက်ရှိလာတဲ့ ရေဆိုးတွေကိုလည်း  စနစ်တကျနဲ့ စွန့်ပစ်ဖို့လိုပါတယ်၊ ဒါအပြင် ထုတ်တဲ့ ပမာဏအားလုံးကိုလည်း စွန့်ထုတ်နိုင်အောင် လုပ်ဖို့လိုပါတယ်´ဟု ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မန္တလေးမြို့တွင်း လက်ရှိ ၂၆လမ်း သင်ကတာချောင်းရေဆိုးထုတ်စီမံကိန်းမှ တစ်ရက်လျှင် ရေဂါလံ တစ်သန်းစွန့်ထုတ်နိုင်ကြောင်း၊ ရွှေဂဲဖွားနှင့် ကပ်ကျော်ရေဆိုးထုတ်စီမံကိန်းများမှ ရေဂါလံ ၉သန်းစွန့် ထုတ်နိုင်ကြောင်း၊ ကန်တော်ကြီးရေဆိုးထုတ်စီမံကိန်းမှ တစ်ရက်လျှင် ရေရဂါလံ တစ်သန်း စွန့်ထုတ် နိုင်ကြောင်းလည်း သိရသည်။

 

ရေပေးဝေရေးကိစ္စနှင့်ပက်သက်၍ မြစ်ရေတင်စီမံကိန်ုးနှင့်ဝေးသောနေရာများအား ရေပေးဝေနိုင်ရန် အတွက် မလေးရှားနိုင်ငံမှ ကုမ္ပဏီနှစ်ခုဖြင့် လေ့လာမှုများပြုလုပ်လျက်ရှိကြောင်း နှင့် မိုးရေချိန်မြင့်မား လာလျှင် ရေမြောင်းများရေလျှံမှုများ မဖြစ်စေရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိ သည်ဟု သိရသည်။

 

`ရေဆိုးထုတ်စီမံကိန်းတွေက သေချာစီမံဆောင်ရွက်ပြီး လုပ်သင့်ပါတယ်၊ဘာကြောင့်လဲဆိုတော့ ရေ ဆိုးကြောင့် သဘာသပတ်ဝန်းကျင်ပိုင်းဆိုင်ရာမှာ ထိခိုက်နိုင်ပါတယ်၊ ရေထဲမှာပျံ့နှံ့သွားရင်လည်း ရေသတ္တ၀ါတွေ   သေဆုံးမှုတွေဖြစ်နိုင်ပါတယ်၊ဒါကြောင့် ကြပ်မတ်ဆောင်ရွက်သင့်ပါတယ်´ဟု အမရပူရမြို့နယ် တောင်သမန်နေပြည်သူတစ်ဦးက ပြောသည်။


၁၅၀၀ တန် ဆင်းမ်ကဒ်မဲ ကိုယ်စားလည်း နှိုက်ခွင့်ပြုမည်

ဒုတိယအသုတ်အနေဖြင့် ရပ်ကွက်များအတွင်း ငွေကျပ်(၁၅၀၀)တန် ဆင်းမ်ကဒ်များမဲနှိုက်ရာ၌ ကိုယ်စား မဲနှိုက်ခွင့်ပြုမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

ကိုယ်စား မဲနှိုက်ခွင့်ရှိသူမှာ သန်းခေါင်စာရင်းတွင် နာမည်ပါရှိရမည်ဖြစ်ပြီး၊ ဧည့်စာရင်းဖြင့် နေထိုင်သူများကိုမူ လျှောက်ထားခွင့်ပြုမည်မဟုတ်ဟု သိရသည်။

 

 "ပြီးခဲ့တဲ့လကတော့ အထက်က ညွှန်ကြားတဲ့အတိုင်း ကိုယ်တိုင်မဲနှိုက်တဲ့စနစ်နဲ့ မဲနှိုက်ပေးခဲ့တယ်။ ဒီလတော့ အစည်းအဝေး ပြန်လုပ်ပြီးတော့ သန်းခေါင်စာရင်းဝင်တစ်ဦးက ကိုယ်စားမဲလာနှိုက်နိုင်အောင် စီစဉ်ပေးမှာပါ " ဟု  ကြည်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးလှဝင်းက ပြောသည်။

 

နောင်လာမည့်လများ၌လည်း ရပ်ကွက်များအတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကိုပါ ဖုန်းလျှောက် ထားနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးမှ ယာယီသန်းခေါင်စာရင်းများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံက သိရသည်။

 

" ဇွန်လမှာ လူဝင်မှုကြီးကြပ်ရေးရုံးက ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုပါ ဖုန်းလျှောက်လို့ရအောင် ယာယီ သန်းခေါင်စာရင်း လာလုပ်ပေးမယ်လို့ ပြောတယ်"ဟု  ကြည်မြင့်တိုင်မြို့နယ်၊ ပန်းလှိုင်အိမ်ရာမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခင်လက (၁၅၀၀)ကျပ်တန်ဆင်းမ်ကဒ်များ လျှောက်ထားရာတွင် လျှောက်ထားသူ ကိုယ်တိုင် မဲနိုက် ရသောကြောင့် အဆင်မပြေမှုများ ရှိခဲ့သည့်အတွက် ဒုတိယအသုတ်တွင် သန်းခေါင်စာရင်းဝင်ဖြစ်ပါက  ကိုယ်စား လာရောက်မဲနိုက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

 

 " အခုလို လုပ်ပေးလိုက်တော့ ကောင်းတာပေါ့။ အရင်ကဆိုရင် အလုပ်ဖျက်ပြီးတော့ မဲနိုက်ရတာ၊ အခုလို ဆိုတော့ အိမ်မှာရှိတဲ့လူက ကိုယ်စားနှိုက်ပေးလို့ရတော့ အလုပ်လည်း မဖျက်ရဘူး'' ဟု ကြည့်မြင့်တိုင်   မြို့နယ်တွင် နေထိုင်သူ ဒေါ်ခင်လေးက ပြောသည်။

 

မြန်မာနိင်ငံတွင် (၁၅၀၀)ကျပ်တန် ဆင်းမ်ကဒ်များကို ၂၀၁၃ ဧပြီလ (၂၄) ရက်နေ့က ပထမအသုတ် အနေဖြင့် အလုံးရေသုံးသိန်းခွဲ စတင်ရောင်းချပေးခဲ့ပြီး ဒုတိယအသုတ်ကို မေလနောက်ဆုံးပတ်အတွင်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အလုံးရေ သုံးသိန်းခွဲ ဆက်လက် ရောင်းချပေးမည် ဖြစ်သည်။

 


စစ်တွေနှစ်ဘက်ဒုက္ခသည်တန်းလျားများအတွက် ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှဒုက္ခသည်များအတွက် လိုင်းတန်းများ ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးပစ္စည်း များ လုံလောက်မှုမရှိသည့်အတွက် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သည်ဟု စုံစမ်းသိရှိရသည်။

 

စစ်တွေမြို့ချောင်းတစ်ဖက်ကမ်းရှိ  စက်မှုဇုန်ရပ်ကွက်တွင်  ပဋိပက္ခအတွင်း ဘေးဒဏ်သင့် ရခိုင်ဒုက္ခသည်များ အတွက် လိုင်းတန်းများဆောက်လုပ်နေရာ၌ ဆောက်လုပ်ရေးပစ္စည်းများ လုံလောက်စွာ မရရှိသည့်အတွက် လုပ်ငန်း အချို့ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်သည်။

 

" သစ်တွေက ကျွန်တော်တို့ လိုသလောက်မရဘူး ဖြစ်နေတယ်၊   တစ်ချို့ကုမ္ပဏီက လုံလောက်သလို သစ်ဝါး တွေ မလုံလောက်တဲ့ကုမ္ပဏီတွေလည်း ရှိနေတယ်၊ လိုင်းတန်းတွေကတော့ ပြီးခါနီးပေမယ့် ပစ္စည်းလုံလုံ လောက်လောက် မရှိတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေတယ်" ဟု ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်း တစ်ဦးက ဆိုသည်။

 

"ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ ဌာနဆိုင်ရာရယ် ပုဂ္ဂလိကကုမ္ပဏီတွေက ဆောက်လုပ်နေတာပါ၊ အားလုံးကတော့ အားတိုက်အင်တိုက်ဆောက်လုပ်နေကြတာပါ" ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

 

မိုးရာသီအတွင်း ယာယီဒုက္ခသည်စခန်းများ၌ ရေလွှမ်းမှုများလည်းရှိလာနိုင်သည်ဟု မင်းဂံ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

" မိုးကြီးရင်တော့ ရေလွှမ်းပါတယ်၊ မိုးရွာတဲ့အခါ တော်တော်လေးကို ဒုက္ခရောက်တယ်"ဟု စစ်တွေမြို့မှ ရခိုင်ဒုက္ခသည်တစ်ဦးက ပြောသည်။

 

အဆိုပါဒုက္ခသည်စခန်းများမှာ ရခိုင်ဒုက္ခသည်များအတွက် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

 

"ခုနောက်ပိုင်း စစ်တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာပေမယ့် ဆောက်လုပ်ရေးပစ္စည်းတွေက လိုသလောက် မရဘူးဖြစ်နေတယ်၊ သစ်တွေ ပြတ်လပ်သွားတဲ့အခါလည်းရှိတယ်" ဟု စစ်တွေမြို့ သစ်ဆိုင် တစ်ဆိုင်မှ   ဒေသခံတစ်ဦးကပြောသည်။

 

စစ်တွေမြို့နယ်ရှိ မှန်စီယာယီဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်တစ်ဦးကလည်း ၄င်းတို့၏အခက်အခဲ များအား ယခုကဲ့သို့ဆိုသည်။

 

 "အခက်အခဲကတော့ အဆောက်အဦး မလုံခြုံဘူး မိုးရွာရင် နေလို့မရဘူး၊ ရေဝင်တယ်၊ ကျွန်တော်တို့က တဲနဲ့ နေရတာဆိုတော့ အဆင်မပြေဘူး"ဟု မူဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

 

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဘေးဒဏ်သင့်  နှစ်ဖက် ဒုက္ခသည်များအတွက် လိုင်းတန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး အဆောက်အဦးများကို မိုးမကျမီ အပြီးသတ်ရမည်ဟု သိရသည်။

 

စစ်တွေမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်ဖြစ်လာသည့် အတွက် အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများလည်း ရှိလာကြောင်း ဈေးကွက် အတွင်း က သိရသည်။


ဖုန်းဆင်းကဒ်အတွက် စီတန်းသည့်နေရာ ရောင်းချမှုများရှိလာ

မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်ချထားပေးသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်း ကဒ်များအတွက် တန်းစီစောင့်ဆိုင်းရသည့် နေရာအား ကျပ် (၅၀၀၀) ဖြင့် ရောင်းချမှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။

 

" မနက်(၆)နာရီလောက်မှ သွားတန်းလိုက်ရုံပဲလေ ၊ တစ်ညလုံးတော့ ပင်ပန်းတယ် ၊ ကျွန်တော်တော့ နေရာပဲဝယ်လိုက် တယ် " ဟု အောင်မြေသာစံမြို့နယ်မှ အဆိုပါဖုန်း သွားရောက် လျှောက်ထားသူတစ်ဦးက  ပြောသည်။

 

အဆိုပါ ဖုန်းများကို ၀ယ်သုံးစွဲတပ်ဆင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများတွင် မေလ (၁၉)ရက်နေ့ ညနေပိုင်းမှ စတင်ကာ တန်းစီမှုများရှိခဲ့ပြီး နေရာပြန်လည်ရောင်းချခြင်းများ ရှိခဲ့ခြင်းဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီးတွင်းရှိ မြို့နယ်များ၌ ကျပ် ၁၅၀၀ တန်ဆင်းကဒ်ရရှိမှု အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဆင်းကဒ် ချထားပေးမည့် နေ့မတိုင်မှီ ညပိုင်းမှစတင်၍ တန်းစီးစောင့်ဆိုင်းခြင်းများရှိကာ နေရာကျော်ဖြတ်တန်းစီးသူများ၊ နီးစပ်ရာသို့ ရောင်းချပေးခြင်းတို့ကြောင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်လာနိုင်ကြောင်း ဖုန်းဆင်းကဒ် လျှောက်ထားသူတို့က ဆိုသည်။

 

 "ကျွန်တော်တို့မြို့နယ်တွေအားလုံးအတွက် ဖုန်းကဒ်တွေ တစ်ပြိုင်တည်းမရခဲ့လို့ ရောင်းဖို့အခက်အခဲဖြစ်ပါတယ် ၊ နေ့လည်ပိုင်းမှာ ပြန်လည်ရောင်းချပေးသွားမှာ ဖြစ်ပါတယ် " ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

 

ဖုန်းဆင်းကဒ်တန်းစီစောင့်ဆိုင်းသူများတွင် မလိုလားအပ်သည့် ပြသာနာဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖုန်းရောင်းချမှု ယာယီ ရွှေ့ဆိုင်းမှုများ ရှိခဲ့ကြောင်းကိုလည်း သိရသည်။

 

"စပြီး တန်းစီတုန်းက နံပါတ်က (၁၀) နောက်တော့ တဖြေးဖြေး အနောက်ရောက်သွားရာကနေ ဒီနေ့ နေ့လည်ပိုင်း ဖုန်းစ ရောင်းတော့ ဖုန်းကဒ်မရလိုက်ဘူး ဖြစ်သွားတယ် " ဟု ပြည်ကြီးကျက်သရေအနောက် ရပ်ကွက် မှ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ကျပ် (၁၅၀၀)တန်ဆင်းကဒ်များအား ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရပ်ကွက်ကျေးရွာများတွင် ပထမအကြိမ် အနေဖြင့် မတ်လ (၂၄)ရက်နေ့တွင် ရောင်းချပေးခဲ့ပြီး ပြင်ပဈေးကွက် ၄င်းဆင်းကဒ်များမှာ ကျပ် ၃၀၀၀၀ (သုံးသောင်း) မှ ကျပ် ၈၀၀၀၀ (ရှစ်သောင်း)၀န်းကျင်အထိ ဈေးကွက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။