Tuesday, May 21, 2013

ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဆုံးဖြတ်ချက်ရပြီးမှသာ ဆန္ဒပြမှုများကို ပြုလုပ်မည်

 ရန်ကုန်(မဇ္ဈိမ)။     ။ လက်ပံတောင်းတောင် စီမံကိန်းနှင့်ပတ်သက်၍ လယ်ယာမြေသိမ်းခံရသူတို့က
တောင်းဆိုဆန္ဒပြမှုများ ရှိခဲ့သော်လည်း ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဖွဲ့စည်းပြီးနောက်တွင်
ကော်မတီ၏ ဆုံးဖြတ်ချက်ရပြီးမှသာ ဆန္ဒပြမှုများကို  ဆောင်ရွက်သွားမည်ဟု ကော်မတီဝင်တဦးက
ပြောသည်။

ယင်းကော်မတီကို ကျေးရွာတရွာမှ ခေါင်းဆောင်(၃) ဦး၊ ကော်မတီ အဖွဲ့ဝင်(၁၀) ဦး စုစုပေါင်း (၁၃) ဦး
နှုန်းဖြင့် ကျေးရွာ (၁၃) ရွာ ပါဝင်ဖွဲ့စည်းထားကာ ကော်မတီက လယ်ယာမြေ ကိစ္စများ ဆွေးနွေးချိန်တွင် ပါဝင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မိုးကြိုးပြင် (အလယ်ရွာ) ဒေသခံတဦးက ဆိုသည်။

အဆိုပါကော်မတီဝင်ရွာများမှာ ကြေးနီစီမံကိန်းမလွတ်ကင်းသောမြေယာများ အတွက်လျော်ကြေးငွေ မရယူထားသော ကျေးရွာများဖြစ်ပြီး လျော်ကြေးငွေရယူထားသော ကျေးရွာများမှာ  ကော်မတီတွင် မပါဝင်ကြောင်း ဒေသခံများကဆိုသည်။

မိုးကြိုးပြင် မြောက်ရွာမှ ဒေသခံတဦးဖြစ်သူ မမြင့်မြင့်အေးက "လယ်ယာမြေနဲ့ပတ်သက်တဲ့ကိစ္စတွေ အားလုံးကို ကော်မတီက ဆုံးဖြတ်ချက်အတိုင်းပဲလုပ်သွားဖို့ ရှိပါတယ်၊ အကုန်လုံးကျေနပ် ကြတယ်၊ စနစ်တကျဖြေရှင်းနိုင်ဖို့ အတွက် ရည်ရွယ်ထားကြတယ်"ဟု မမြင့်မြင့်အေးက ဆိုသည်။

ဒေသခံများ၏ သိမ်းဆည်းခံ လယ်ယာမြေကိစ္စများနှင့်  ပတ်သက်၍ ကော်မတီမှ  အဓိကဆောင်ရွက်သွားမည် ဟု သိရကြောင်း မိုးကြိုးပြင် (အလယ်ရွာ)ဒေသခံ ဦးစိန်မြင့်က ပြောသည်။

"ဒီနေ့စာရင်းလိုက်ကောက်နေတယ် ကော်မတီဝင်တွေ ဘယ်လောက်ရှိပြီလဲတော့ အတိအကျ မသိရသေးဘူး။ ရွာကလူကတော့ ကော်မတီဝင်ဖို့ကို တော်တော်လေးကို စိတ်ပါနေကြတယ်။ သဘောကျနေကြတာပေါ့" ဟု  ဦးစိန်မြင့်ကဆိုသည်။

သို့ရာတွင် ဆည်တည်းရွာသစ်မှ ဒေသခံတဦးက "ဆည်တည်းရွာသစ်မှာတော့ အဲလိုကော်မတီမဖွဲ့ပါဘူး၊ ဒီရွာမှာရှိတဲ့ ဒေသခံတွေ ကလည်း လယ်ယာမြေ ကာကွယ်ရေုး ကော်မတီဖွဲ့ တာမလုပ်ကြပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

ကော်မတီက ဒေသခံ များ၏ လယ်ယာမြေများ မဆုံးရှုံးစေရန် ကာကွယ်ပေးကာ အာဏာပိုင်အဖွဲ့အစည်း၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့်  တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ကော်မတီ ၏ဆုံးဖြတ်ချက်အတိုင်း ဒေသခံပြည်သူ များ လိုက်နာရန် သဘောတူညီထားကြကြောင်း ကော်မတီဝင် မမြင့်မြင့်အေးက ဆိုသည်။

"ကျမတို့ကို  တခြားအဖွဲ့အစည်းတွေကလည်း ကူညီပေးပါတယ်။ သူတို့ ကူညီပေးလို့ အခုလို ကော်မတီကိုဖွဲ့
နိုင်တာပါ သူတို့က ဘာမှဝင်မစွက်ပါဘူး ။ကော်မတီမှာ အားလုံးဒေသခံတွေချည်းပဲ ကျန်တဲ့အဖွဲ့အစည်းက လူတွေဆိုကူညီပေးရုံပဲ ကူညီတာ။" ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ပြည်သူ့လယ်ယာမြေကာကွယ်ရေးကော်မတီ မှာ လယ်ယာမြေ ဒေသခံများသာပါဝင် ဖွဲ့စည်းထားသော
ကော်မတီဖြစ်ပြီး  ဒေသခံစုစုပေါင်း (၁၆၉) ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ရှင်းပြသည်။

"လယ်သမားတွေဟာ တဦးချင်းတယောက်ချင်း လယ်ယာမြေ  ပြဿနာကိုဖြေရှင်းခြင်းထက် စုပေါင်းဖြေရှင်း
ခြင်းဟာကောင်းတယ်ဆိုပြီး စနစ်တကျဖြေရှင်းနိုင်ဖို့ ရည်မှန်းထားကြတယ်"ဟု ၎င်းက ဆိုသည်။

ကော်မတီဝင်ကျေးရွာ (၁၃) ရွာမှာလက်ပံတောင်းတောင် ကြေးနှီစီမံကိန်း ၏တောင်ဘက်ရှိ ဆည်တည်းရွာ
ဟောင်း၊ ဇီးတော ၊စီမံကိန်း၏ အရှေ့ဘက်ရှိ ဝက်မှေးရွာဟောင်း၊ ကံတော၊ရွှေလှေ၊ ဖောင်းကတာရွာ၊ အနောက်ဖက်ရှိ မိုးကြိုးပြင် (တောင်၊မြောက်၊ အလယ်) ရွာများနှင့် တုံရွာမ၊ တုံရွာအလယ်တော၊ တောကျောင်း၊ လယ်တီ၊တုံရွာသစ်တို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။