Tuesday, May 21, 2013

၁၅၀၀ တန် ဆင်းမ်ကဒ်မဲ ကိုယ်စားလည်း နှိုက်ခွင့်ပြုမည်

ဒုတိယအသုတ်အနေဖြင့် ရပ်ကွက်များအတွင်း ငွေကျပ်(၁၅၀၀)တန် ဆင်းမ်ကဒ်များမဲနှိုက်ရာ၌ ကိုယ်စား မဲနှိုက်ခွင့်ပြုမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

ကိုယ်စား မဲနှိုက်ခွင့်ရှိသူမှာ သန်းခေါင်စာရင်းတွင် နာမည်ပါရှိရမည်ဖြစ်ပြီး၊ ဧည့်စာရင်းဖြင့် နေထိုင်သူများကိုမူ လျှောက်ထားခွင့်ပြုမည်မဟုတ်ဟု သိရသည်။

 

 "ပြီးခဲ့တဲ့လကတော့ အထက်က ညွှန်ကြားတဲ့အတိုင်း ကိုယ်တိုင်မဲနှိုက်တဲ့စနစ်နဲ့ မဲနှိုက်ပေးခဲ့တယ်။ ဒီလတော့ အစည်းအဝေး ပြန်လုပ်ပြီးတော့ သန်းခေါင်စာရင်းဝင်တစ်ဦးက ကိုယ်စားမဲလာနှိုက်နိုင်အောင် စီစဉ်ပေးမှာပါ " ဟု  ကြည်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးလှဝင်းက ပြောသည်။

 

နောင်လာမည့်လများ၌လည်း ရပ်ကွက်များအတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကိုပါ ဖုန်းလျှောက် ထားနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးမှ ယာယီသန်းခေါင်စာရင်းများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံက သိရသည်။

 

" ဇွန်လမှာ လူဝင်မှုကြီးကြပ်ရေးရုံးက ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုပါ ဖုန်းလျှောက်လို့ရအောင် ယာယီ သန်းခေါင်စာရင်း လာလုပ်ပေးမယ်လို့ ပြောတယ်"ဟု  ကြည်မြင့်တိုင်မြို့နယ်၊ ပန်းလှိုင်အိမ်ရာမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခင်လက (၁၅၀၀)ကျပ်တန်ဆင်းမ်ကဒ်များ လျှောက်ထားရာတွင် လျှောက်ထားသူ ကိုယ်တိုင် မဲနိုက် ရသောကြောင့် အဆင်မပြေမှုများ ရှိခဲ့သည့်အတွက် ဒုတိယအသုတ်တွင် သန်းခေါင်စာရင်းဝင်ဖြစ်ပါက  ကိုယ်စား လာရောက်မဲနိုက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

 

 " အခုလို လုပ်ပေးလိုက်တော့ ကောင်းတာပေါ့။ အရင်ကဆိုရင် အလုပ်ဖျက်ပြီးတော့ မဲနိုက်ရတာ၊ အခုလို ဆိုတော့ အိမ်မှာရှိတဲ့လူက ကိုယ်စားနှိုက်ပေးလို့ရတော့ အလုပ်လည်း မဖျက်ရဘူး'' ဟု ကြည့်မြင့်တိုင်   မြို့နယ်တွင် နေထိုင်သူ ဒေါ်ခင်လေးက ပြောသည်။

 

မြန်မာနိင်ငံတွင် (၁၅၀၀)ကျပ်တန် ဆင်းမ်ကဒ်များကို ၂၀၁၃ ဧပြီလ (၂၄) ရက်နေ့က ပထမအသုတ် အနေဖြင့် အလုံးရေသုံးသိန်းခွဲ စတင်ရောင်းချပေးခဲ့ပြီး ဒုတိယအသုတ်ကို မေလနောက်ဆုံးပတ်အတွင်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အလုံးရေ သုံးသိန်းခွဲ ဆက်လက် ရောင်းချပေးမည် ဖြစ်သည်။

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။