Tuesday, May 21, 2013

စစ်တွေနှစ်ဘက်ဒုက္ခသည်တန်းလျားများအတွက် ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှဒုက္ခသည်များအတွက် လိုင်းတန်းများ ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးပစ္စည်း များ လုံလောက်မှုမရှိသည့်အတွက် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သည်ဟု စုံစမ်းသိရှိရသည်။

 

စစ်တွေမြို့ချောင်းတစ်ဖက်ကမ်းရှိ  စက်မှုဇုန်ရပ်ကွက်တွင်  ပဋိပက္ခအတွင်း ဘေးဒဏ်သင့် ရခိုင်ဒုက္ခသည်များ အတွက် လိုင်းတန်းများဆောက်လုပ်နေရာ၌ ဆောက်လုပ်ရေးပစ္စည်းများ လုံလောက်စွာ မရရှိသည့်အတွက် လုပ်ငန်း အချို့ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်သည်။

 

" သစ်တွေက ကျွန်တော်တို့ လိုသလောက်မရဘူး ဖြစ်နေတယ်၊   တစ်ချို့ကုမ္ပဏီက လုံလောက်သလို သစ်ဝါး တွေ မလုံလောက်တဲ့ကုမ္ပဏီတွေလည်း ရှိနေတယ်၊ လိုင်းတန်းတွေကတော့ ပြီးခါနီးပေမယ့် ပစ္စည်းလုံလုံ လောက်လောက် မရှိတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေတယ်" ဟု ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်း တစ်ဦးက ဆိုသည်။

 

"ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ ဌာနဆိုင်ရာရယ် ပုဂ္ဂလိကကုမ္ပဏီတွေက ဆောက်လုပ်နေတာပါ၊ အားလုံးကတော့ အားတိုက်အင်တိုက်ဆောက်လုပ်နေကြတာပါ" ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

 

မိုးရာသီအတွင်း ယာယီဒုက္ခသည်စခန်းများ၌ ရေလွှမ်းမှုများလည်းရှိလာနိုင်သည်ဟု မင်းဂံ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

" မိုးကြီးရင်တော့ ရေလွှမ်းပါတယ်၊ မိုးရွာတဲ့အခါ တော်တော်လေးကို ဒုက္ခရောက်တယ်"ဟု စစ်တွေမြို့မှ ရခိုင်ဒုက္ခသည်တစ်ဦးက ပြောသည်။

 

အဆိုပါဒုက္ခသည်စခန်းများမှာ ရခိုင်ဒုက္ခသည်များအတွက် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

 

"ခုနောက်ပိုင်း စစ်တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာပေမယ့် ဆောက်လုပ်ရေးပစ္စည်းတွေက လိုသလောက် မရဘူးဖြစ်နေတယ်၊ သစ်တွေ ပြတ်လပ်သွားတဲ့အခါလည်းရှိတယ်" ဟု စစ်တွေမြို့ သစ်ဆိုင် တစ်ဆိုင်မှ   ဒေသခံတစ်ဦးကပြောသည်။

 

စစ်တွေမြို့နယ်ရှိ မှန်စီယာယီဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်တစ်ဦးကလည်း ၄င်းတို့၏အခက်အခဲ များအား ယခုကဲ့သို့ဆိုသည်။

 

 "အခက်အခဲကတော့ အဆောက်အဦး မလုံခြုံဘူး မိုးရွာရင် နေလို့မရဘူး၊ ရေဝင်တယ်၊ ကျွန်တော်တို့က တဲနဲ့ နေရတာဆိုတော့ အဆင်မပြေဘူး"ဟု မူဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

 

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဘေးဒဏ်သင့်  နှစ်ဖက် ဒုက္ခသည်များအတွက် လိုင်းတန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး အဆောက်အဦးများကို မိုးမကျမီ အပြီးသတ်ရမည်ဟု သိရသည်။

 

စစ်တွေမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်ဖြစ်လာသည့် အတွက် အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများလည်း ရှိလာကြောင်း ဈေးကွက် အတွင်း က သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။